ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဇန်နဝါရီ ၃၀ ရက် ညပိုင်းက ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ အိမ်ခြံအနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
စီတာပူရပ်ကွက်မှာရှိတဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လ နေအိမ်အနီးမှာ အမည်မသိ ဆိုင်ကယ်စီးသမားက ခြံဝင်းပေါ်မှာ ပစ္စည်းတခု လာရောက်တင်ထားခဲ့ပြီး မကြာခင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒေသခံ အမျိုးသားတဦးက “ည ၈ နာရီခွဲလောက်မှာ ဗုံးပေါက်ကွဲတာ။ အသံကတော့ အတော်လေးကျယ်တယ်။ ဆိုင်ကယ်စီး လူနှစ်ယောက်က ခြံမှာ ပစ္စည်းတခု လာတင်သွားတာ။ အနီးအနားက မြင်တဲ့သူတွေက မြင်လိုက်တယ်။ အဲဒီပစ္စည်းတင်ပြီး မကြာဘူး၊ ဗုံးပေါက်ကွဲမှု ဖြစ်တော့တာပဲ” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် လူနဲ့ တခြားပစ္စည်းတွေ ထိခိုက်မှုမရှိဘဲ နေအိမ်ခြံဝင်းသာ အနည်းငယ် ပျက်စီးခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဖြစ်နေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက် ညပိုင်းကလည်း ခေမာသီရိရပ်ကွက် ခရိုင်ရဲမှူးရုံးနဲ့ အမှတ် ၂ ရဲစခန်းအနီး ရမ်ပူရပ်ကွက် ဒူးလေးပါတီရုံးအနီး ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
photo cj