ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်ရှိ ဓနုဖြူ-ရန်ကုန် ကားလမ်းပေါ်မှာ ဇန်နဝါရီ ၂၉ ရက်က ကား ၂ စီး မျက်နှာချင်းဆိုင်တိုက်မိပြီး အမျိုးသား တယောက် သေဆုံးခဲ့ပြီး တယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
မိုင်တိုင်အမှတ် ၁၄/၂ နဲ့ ၁၄/၃ ကြားမှာ မနေ့မနက်ပိုင်းက နစ်ဆန်းအမျိုးအစား ကုန်တင်ယာဉ်နဲ့ဆီ ဘောက်ဆာယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်ခဲ့တာဖြစ်ပြီး အသက် ၃၀ ကျော်အရွယ် ဆီဘောက်ဆာယာဉ်မောင်းဟာ အခင်းဖြစ်နေရာမှာသေဆုံးခဲ့ပြီး ယာဉ်နောက်လိုက်မှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တာလို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေး လုပ်ဆောင် ပေးသူ တယောက်က"မနေ့က ဖြစ်တာပေါ့ ဓနုဖြူမြို့ တောင်ဘက် လေးမိုင်ခန့်အကွာ ညောင်ချောင်းရွာအနီးမှာဖြစ်တာ။ ကုန်တင်ကားမှာ ဆန်အိတ် တွေသယ်လာတဲ့ကား။ မျက်နှာချင်းဆိုင်လာတဲ့ ဆီဘောက်ဆာကားနဲ့ တိုက်မိတာ။ မနက်ပိုင်း ရာသီဥတုက အုန်မှိုင်းမှိုင်းဆိုတော့ မြင်ကွင်းမရှင်းဘဲဖြစ်သွားတာထင်တယ်။ သေဆုံးသွားတဲ့ ယာဉ်မောင်းက ကားအောက်မှာညှပ်နေလို့ မီးသတ်တပ်ဖွဲ့တွေ အကူညီနဲ့ထုတ်ခဲ့ရတယ်။ ကုန်တင်ယာဉ်ဘက်က ယာဉ်မောင်း ကတော့ပွန်းပဲ့ ဒဏ်ရာလောက်ပါပဲ”လို့ ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ်ကို ဓနုဖြူမြို့နယ်မီးသတ်စခန်းက သန္ဓေမီးသတ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာ အဖွဲ့စည်းတွေနဲ့ ပူးပေါင်းပြီး ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို ပုဏ္ဏမာလူမှုကူညီရေးအသင်းယာဉ်နဲ့ ဓနုဖြူမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
ဓနုဖြူ - ရန်ကုန် ကားလမ်းပေါ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက လည်း ကုန်တင်ယာဉ် တစီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးရှိသစ်ပင်ကို ဝင်တိုက်ပြီး ယာဉ်မောင်း တယောက်သေဆုံးခဲ့ပါတယ်။