မနှစ်ကရာသီက အတွေ့အကြုံတွေက အသင်းကို တိုးတက်မှုရှိလာစေကြောင်း အာဆင်နယ် နည်းပြ အာတေတာက ပြောသွားပါတယ်။
အာဆင်နယ်အသင်းဟာ မနှစ်ကရာသီမှာ ချန်ပီယံဆုအတွက် အကောင်းဆုံး စိန်ခေါ်နိုင်ခဲ့ပေမဲ့ ရာသီနှောင်းပိုင်းမှာ ရလဒ်ယိမ်းယိုင်သွားခဲ့တာကြောင့် ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတာပါ။
အဲဒီအတွေ့အကြုံတွေက အသင်းကို တိုးတက်မှုတွေ ရှိလာစေကြောင်း နော်တင်ဟမ်ဖောရက်စ် အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ နည်းပြအာတေတာက ပြောပါတယ်။
မနှစ်ကရာသီက နော်တင်ဟမ်ဖောရက်စ်အသင်းကို ရှုံးနိမ့်ခဲ့ရတာက ချန်ပီယံဆုအတွက် ဝေဝါးသွားစေခဲ့ပြီး ပွဲမတိုင်ခင်မှာ ကစားသမားတွေက အဲဒီရှုံးပွဲအကြောင်း ပြောဆိုခဲ့ကြကြောင်း၊ အဲဒီလို အတွေ့အကြုံတွေက အသင်းသားတွေအပေါ် တိုးတက်မှု ရှိလာခဲ့ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
နော်တင်ဟမ်နဲ့ပွဲမှာ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့သလို စိတ်ရှည်လက်ရှည်ကစားပြီး အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း နည်းပြအာတေတာက ချီးကျူးသွားပါတယ်။
Photo-Reuters