ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်က စစ်ရှောင် ၃၅၀၀ အတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေး အကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။
ကျေးရွာ ၂၂ ရွာက စစ်ရှောင်တွေဟာ စားနပ်ရိက္ခာအတွက် ဆန်ရှိပေမဲ့ အခြောက်အခြမ်း ဟင်းသီးဟင်းရွက်တွေ ပြတ်လပ်နေပြီး စက်သုံးဆီ၊ ဓာတ်ဆီတွေပါ ပြတ်လပ်နေတဲ့အပြင် ကျန်းမာရေးအကူညီစောင့်ရှောက်မှုတွေပါ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူ တဦးက ပြောပါတယ်။
"ခုစစ်ရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေကလည်း ရန်ပုံငွေ ပြတ်နေတယ်။ စစ်ရှောင်တွေကို ကူညီပေးနိုင်ဖို့ အလှူခံမှ ရတော့မယ်။ အလှူခံဖို့လည်း ပြင်ဆင်နေတာ ရှိပါတယ်။ ခုရိက္ခာတွေ လိုတာက တော်တော်ကို လိုအပ်နေပါတယ်။”
မိုးမိတ်မြို့နယ်ထဲမှာ အခု ရှိတဲ့ စစ်ရှောင်တွေအပြင် စာရင်းထဲမပါသေးတဲ့ တခြားစစ်ရှောင်တွေနဲ့ မန္တလေးကို တိမ်းရှောင်သွားသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
မဘိမ်းမြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံတွေလည်း နေရပ် မပြန်နိုင်သေးဘဲ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
မိုးမိတ်မြို့မှာ ဇန်နဝါရီ ၁၈ ရက်ကစတင်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ် နဲ့ စစ်ကောင်စီတပ်တို့ ဇန်နဝါရီ ၂၄ ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၂၅ ရက်မှာ မြို့တွင်းတိုက်ပွဲ တွေငြိမ်သက်သွားခဲ့ပေမယ့် ပြည်သူတွေနေရပ် မပြန်နိုင်သေးဘူးလို့ သိရပါတယ်။