လေ့ကျင့်ရေးပျက်ကွက်မှုအတွက် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဘက်က တာဝန်ယူခဲ့ပြီးဖြစ်ကြောင်း မန်ယူ အသင်းက သတင်းထုတ်ပြန်သွားပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်အိုင်ယာလန်မှာရှိတဲ့ နိုက်ကလပ်တခုမှာ သွားရောက်ပျော်ပါးခဲ့ပြီးနောက် သောကြာနေ့ လေ့ကျင့်ရေးအစီအစဉ်မှာပျက်ကွက်ခဲ့တာပါ။
ဖျားနာမူကြောင့်လို့ ရက်ရှ်ဖို့ဒ်ဘက်က ခွင့်တိုင်ကြားခဲ့ပေမဲ့ နိုက်ကလပ်အတွင်းမှာ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတာတွေကို ဂျာကင်အင်္ကျီနဲ့ ကွယ်ပြီး ရှောင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို မီဒီယာတွေက အတိအလင်းဖော်ပြခဲ့ကြတာပါ။
ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ ပျက်ကွက်မှုအတွက် တာဝန်ယူပြီးဖြစ်ကြောင်း၊ စည်းကမ်းပိုင်းဆိုင်ရာကိစ္စအဖြစ် အသင်းတွင်းမှာ ဖြေရှင်းခဲ့ပြီး လက်ရှိ အချိန်မှာပြီးဆုံးသွားပြီဖြစ်ကြောင်း မန်ယူအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ နယူးပေါ့သ်ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး ဝုဗ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ဆက်လက်ချန်လှပ်ခံရဖို့ ရှိပါတယ်။
Photo - Reuters