Home
နိုင်ငံတကာ
နိုင်ဂျာ၊ မာလီနှင့် ဘာကီးနားဖားဆို ၃ နိုင်ငံ ECOWAS အဖွဲ့မှ နုတ်ထွက်
DVB
·
January 30, 2024
ECOWAS_30012024

အနောက်အာဖရိကဒေသက စစ်အစိုးရဦးဆောင်တဲ့ နိုင်ငံသုံးနိုင်ငံဖြစ်တဲ့ နိုင်ဂျာ၊ မာလီနဲ့ ဘာကီးနားဖားဆိုနိုင်ငံတို့ဟာ အနောက်အာဖရိကနိုင်ငံတွေရဲ့ စီးပွားရေးအသိုက်အဝန်း (ECOWAS) ကနေ ချက်ချင်း နုတ်ထွက်သွားကြပြီလို့ ဇန်နဝါရီ ၂၈ ရက်က ပူးတွဲကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။

အိမ်နီးနားချင်း သုံးနိုင်ငံလုံးကို ၂၀၂၀ ပြည့်နှစ် ကတည်းက အာဏာသိမ်းခဲ့တဲ့ စစ်ဘက်အရာရှိတွေက အုပ်ချုပ်နေတာပါ။

ဒါဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုဆီ ပြန်သွားဖို့ တိုက်တွန်းနေတဲ့ အနောက်အာဖရိက အုပ်စုတွေနဲ့ ကွဲလွဲချက် ဖြစ်ပါတယ်။

စစ်အစိုးရတွေဟာ ကိုလိုနီအုပ်စိုးသူဟောင်း ပြင်သစ်နဲ့ ကာလရှည်ကြာ ဆက်ဆံရေးကိုလည်း ဖြတ်တောက်ခဲ့ပြီး ဒေသတွင်း ပြင်သစ်ရဲ့ သြဇာလွှမ်းမိုးမှုကို ထိုးနှက်ခဲ့ပါတယ်။

ဒီလုပ်ရပ်ကြောင့် ဆာဟဲဒေသကို မတည်မငြိမ်ဖြစ်စေတဲ့ ဆယ်စုနှစ်ကြာ အစ္စလာမ္မစ် သူပုန်ထမှုကို တားဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကိုလည်း ရှုပ်ထွေးစေခဲ့ပါတယ်။

ပြင်သစ်နဲ့ ECOWAS တို့ကနေ လွတ်မြောက်ကြောင်းပြဖို့ သူတို့သုံးနိုင်ငံဟာ ဆာဟဲနိုင်ငံများ မဟာမိတ်အဖွဲ့ (AES) လို့ခေါ်တဲ့ သမဂ္ဂအသစ်တရပ်ကနေ တဆင့် လုံခြုံရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေ ပိုမိုနီးကပ်လာစေဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

ပြင်သစ်နဲ့ တခြားဥရောပနိုင်ငံတွေနဲ့ စစ်ရေးအရ ဆက်ဆံမှု ဖြတ်တောက်ပြီး ရုရှားဘက်ကို လှည့်ခဲ့ပြီးနောက် လုံခြုံရေး မဟာမိတ်သုံးနိုင်ငံ ဖွဲ့လိုက်တာလည်း ဖြစ်ပါတယ်။

ECOWAS ဟာ သူတို့သုံးနိုင်ငံထဲက အကြမ်းဖက်ဝါဒလို တည်ရှိဆဲ ခြိမ်းခြောက်မှုတွေကို တိုက်ဖျက်ရာမှာ ကူညီဖို့ ပျက်ကွက်ခဲ့တယ်လို့ ပူးတွဲကြေညာချက်ထဲမှာ စွပ်စွဲထားပါတယ်။

စွဲချက်တွေဟာ သူတို့ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတွေကို ဖြုတ်ချဖို့ စစ်တပ်တွေက ဖော်ပြထားတဲ့ ဘုံအကြောင်းပြချက်တွေလည်း ဖြစ်ပါတယ်။

ECOWAS ဟာ သူတို့ကိုယ်တိုင်ရဲ့ စကားတွေကို ချိုးဖောက်ပြီး တရားမဝင်၊ လူမဆန်ဘဲ တာဝန်မဲ့တဲ့ ပိတ်ဆို့မှုတွေကို ချမှတ်ရာမှာ အသုံးမကျ၊ ဆင်ခြင်တုံတရားမဲ့ပြီး လက်မခံနိုင်စရာ အနေအထားကို ကျင့်သုံးခဲ့တဲ့အတွက် ဒီနိုင်ငံတွေက ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ရဲ့လက်ထဲမှာ ထားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ECOWAS ရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ အခြေအနေတွေကို တိုးတက်စေမယ့်အစား နှစ်ပေါင်းများစွာ အကြမ်းဖက်မှုတွေကြောင့် ဒဏ်ရာတွေရထားပြီး အားနည်းနေတဲ့ လူထုကို ပိုအားနည်းစေတယ်လို့လည်း စစ်အစိုးရတွေက ပြောခဲ့ကြပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013