Home
နိုင်ငံတကာ
ကနေဒါ ရွှေတူးဖော်ရေး ကုမ္ပဏီဝန်ထမ်း ၄ ဦး မာလီတွင် ဖမ်းဆီးခံရ
DVB
·
November 27, 2024
Photo: REUTERS/Dado Ruvic

ကနေဒါနိုင်ငံ ဘားရစ်ခ် ရွှေတူးဖော်ရေး ကုမ္ပဏီက ဝန်ထမ်း ၄ ယောက်ဟာ အခွန်အကောက်ဆိုင်ရာ ပြဿနာနဲ့ မာလီနိုင်ငံမှာ စွဲချက်တင်ခံထားရပြီး ထိန်းသိမ်းခံထားရကြောင်း ကုမ္ပဏီက နိုဝင်ဘာ ၂၆ ရက်မှာ ပြောကြားခဲ့ပြီး မာလီစစ်အစိုးရဟာ သတ္တုတူးဖော်ရေးကုမ္ပဏီတွေဆီကနေ ငွေကြေးပိုမိုရရှိအောင် ကြိုးပမ်းနေတာလို့ ဆိုပါတယ်။

အာဖရိကရဲ့ ထိပ်တန်းရွှေထုတ်လုပ်တဲ့ နိုင်ငံတခုဖြစ်တဲ့ မာလီနိုင်ငံဟာ စက်တင်ဘာလတုန်းက ဘားရစ်ခ် ရွှေကုမ္ပဏီက အကြီးပိုင်း ဒေသခံဝန်ထမ်း ၄ ယောက်ကို ယာယီဖမ်းဆီးခဲ့တာဖြစ်ပြီး အခုတခေါက်လည်း အဲဒီဝန်ထမ်းတွေကိုပဲ ထပ်မံဖမ်းဆီးထားတာ ဖြစ်ကြောင်း အဲဒီကိစ္စနဲ့ နီးစပ်သူတယောက်က ရိုက်တာကို ပြောပါတယ်။

ဘားရစ်ခ် ရွှေကုမ္ပဏီဟာ သူ့ဝန်ထမ်းတွေအပေါ် စွဲဆိုထားတဲ့ စွဲချက်တွေကို ငြင်းဆိုထားကြောင်း ကုမ္ပဏီက ကြေညာချက်မှာ ထုတ်ပြန်ပြောကြားခဲ့ပြီး စွဲချက်တွေကိုတော့ အသေးစိတ် မဖော်ပြထားပါဘူး။

ကုမ္ပဏီကတော့ ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းနည်းနဲ့  အကျဉ်းသားတွေ လွတ်မြောက်ရေးကို အာမခံချက်ရရှိဖို့ မာလီအစိုးရနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆိုပါတယ်။

အနောက်အာဖရိကနိုင်ငံဟာ ဘားရစ်ခ် ရွှေကုမ္ပဏီက မပေးဆောင်ရသေးတဲ့ အခွန်ငွေ ဒေါ်လာ သန်း ၅၀၀ လောက်ကို တောင်းဆိုနေတာဖြစ်ပြီး မာလီစစ်အစိုးရဟာ ဆက်တိုက် မြင့်တက်နေတဲ့ ရွှေဈေးနှုန်းကနေ နိုင်ငံတော်ဘဏ္ဍာကို မြှင့်တင်ဖို့ ဝင်ငွေပိုရအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဘားရစ်ခ် အမှုဆောင်အရာရှိချုပ် မာ့ခ် ဘရစ္စတိုကတော့ ကမ္ဘာ့နံပါတ် ၂ ရွှေတွင်းလုပ်ငန်းဟာ အခုနှစ်မကုန်ခင် အာဏာပိုင်တွေနဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း နိုဝင်ဘာလအစောပိုင်းမှာ ရိုက်တာကို ပြောကြားခဲ့ပါတယ်။

မာလီ သတ္တုတွင်းဝန်ကြီးဌာနကတော့ ဒီကိစ္စမှာ တိုက်ရိုက် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ပြောကြားခဲ့ပြီး ဒီအမှုကို စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ တရားရေးဝန်ကြီးဌာနရဲ့ စီးပွားရေးဌာနခွဲတို့က ကိုင်တွယ်ခဲ့တာလို့ ဆိုပါတယ်။

သြစတြေးလျနိုင်ငံရဲ့ ရဇိုလု(ထ်) သတ္တုတူးဖော်ရေးကုမ္ပဏီကလည်း အခုလအစောပိုင်းမှာ မာလီအစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ကုမ္ပဏီစီအီးအို တဲရန့်စ် ဟိုလိုဟန်နဲ့ တခြား ဝန်ထမ်း ၂ ယောက်တို့ကို နိုင်ငံမှ ပြန်လွှတ်ပေးခဲ့ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ပြောကြားခဲ့ပါတယ်။

ရဇိုလု(ထ်) သတ္တုကုမ္ပဏီဟာ အခွန်အကောက် အငြင်းပွားမှုကို ဖြေရှင်းဖို့ မာလီအစိုးရကို ဒေါ်လာ သန်း ၁၆၀ ပေးဆောင်ဖို့ သဘောတူပြီးနောက်မှာ မြို့တော် ဘာမာကိုမှ ထွက်ခွာသွားကြောင်း ဆိုပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013