နည်းပြအဖွဲ့အပြောင်းအလဲက အသင်းကို အများကြီးပြောင်းလဲသွားနိုင်ကြောင်း လီဗာပူးနောက်ခံလူ ဗန်ဒိုက်က ပြောကြားလိုက်ပါတယ်။
အသင်းနည်းပြကလော့ပ်အပါအဝင် နည်းပြအဖွဲ့ဝင်တွေအားလုံးဟာ ရာသီအကုန်မှာ ထွက်ခွါသွားတော့မယ့်အပေါ် နောက်ခံလူဗန်ဒိုက်က မှတ်ချက်ပေးခဲ့တာပါ။
ဗန်ဒိုက်ဟာ အသင်းနဲ့ ၁၈ လစာချုပ်သက်တမ်းသာကျန်ရှိတော့ပြီး နည်းပြကလော့ပ်အလွန်မှာ အသင်းမှာဆက်ရှိ မလားဆိုတာနဲ့ ပတ်သက်ပြီး ခန့်မှန်းသုံးသပ်မှုတွေလည်း ရှိနေတာပါ။
နည်းပြချုပ်တင်မဟုတ်ဘဲ နည်းပြအဖွဲ့ဝင်တွေပါ ပြောင်းလဲသွားမယ့် အခြေအနေက အသင်းကို အများကြီးပြောင်းလဲနိုင်ကြောင်း၊ အသင်းရဲ့ အနာဂတ်ကို သိချင်စိတ်ဖြစ်မိပေမဲ့ သင့်တော်တဲ့အချိန်မှာ ကြေညာချက်ထုတ်ပြန်မှာဖြစ်ကြောင်း ဗန်ဒိုက်က ပြောပါတယ်။
အသင်းရဲ့အနာဂတ်အခြေအနေအပေါ် အများကြီး မှတ်ချက်မပေးချင်သေးကြောင်းနဲ့ နည်းပြကလော့ပ်အလွန်မှာ အသင်းရဲ့အစိတ်အပိုင်းတခုအနေနဲ့ ဆက်လက်ပါဝင်နေမှာ ဖြစ်ကြောင်း ဗန်ဒိုက်က ပြောသွားပါတယ်။
Photo-Reuters