ဖူဟမ်အသင်းနဲ့ ပွဲစဉ်မှာ ၁၀ ယောက်တည်းနဲ့ ကစားပြီး သရေရလဒ်ရယူနိုင်ခဲ့တဲ့အပေါ် ကျေနပ်ရမှာဖြစ်တယ်လို့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်က ပြောကြားလိုက်ပါတယ်။
လီဗာပူးအသင်းဟာ ပွဲချိန် ၁၇ မိနစ် ကတည်းက နောက်ခံလူ ရော်ဘတ်ဆန် တိုက်ရိုက် ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာကြောင့် လက်ကျန်မိနစ် ၇၀ ကျော်ကို ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရတာပါ။
ပွဲအစ ၁၁ မိနစ်ကတည်းက ဦးဆောင်ဂိုးပေးခဲ့ရတဲ့လီဗာပူးအသင်းဟာ ၁၀ ယောက်တည်းနဲ့ ချေပဂိုးတွေသွင်းယူနိုင်ခဲ့လို့ ၂ ဂိုး စီ သရေကျခဲ့တာပါ။
၁၀ ယောက်တည်းနဲ့ ကစားခဲ့ရတဲ့အပေါ် စိတ်ပျက်မိပေမဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ကြိုးစားကစားခဲ့ပြီး ချေပဂိုးတွေပြန်လည်ရယူနိုင်ခဲ့တဲ့အပေါ် အကောင်းမြင်စိတ်နဲ့ ကျေနပ်ရမှာဖြစ်တယ်လို့ ဗန်ဒိုက်က ပြောပါတယ်။
ဖူဟမ်အသင်းဟာ အာဆင်နယ်ကိုလည်း အခက်တွေ့စေခဲ့တဲ့ အသင်းဖြစ်ပြီး ကစားရခက်တဲ့အသင်းဖြစ်တယ်လို့ ဗန်ဒိုက်က ပြောသွားပါတယ်။