ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ နန်းမားမြို့နယ်မှာ ဇန်နဝါရီ ၂၇ ရက် မနက်က တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ ၃ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နန်းမားမြို့နယ်မှာရှိတဲ့ ညောင်ပင်သာကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးငယ် အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အမြောက်တပ်ကနေ တနေကုန်ပစ်နေတာ။ နန်းမားအရှေ့ဘက်ခြမ်းက ကျေးရွာတွေ လက်နက်ကြီးကျပြီး ညောင်ပင်သာရွာက ဆရာမ သားအမိနှစ်ဦးနဲ့ အမျိုးသားတဦး သေတယ်။ ထိခိုက်ဒဏ်ရာရသူတွေ ရှိသလို နေအိမ်တွေလည်း ပျက်စီးတာရှိတယ်” လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
နန်းမားမြို့အခြေစိုက် အမြောက်တပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ညောင်ပင်သာကျေးရွာက အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး၊ မိခင်ဖြစ်သူ ဆရာမတဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသားတဦး ထိခိုက်သေဆုံးကာ ဒေသခံ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်ကလည်း နန်းမားအမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ နန်ခမ့်ကျေးရွာက အမျိုးသမီးတဦး ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါတယ်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် လူသွားလူလာပြတ်လပ်တဲ့ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းအနီးမှာ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့စစ်အဖွဲ့က လမ်းသွားလမ်းလာ အမျိုးသား ၈ ဦးထက်မနည်းကို ဇန်နဝါရီ ၂၈ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနက်ကတည်းက အထက ၂ ကျောင်းနားမှာ ပြည်သူ့စစ်ငါးယောက်လောက်က စောင့်ဖမ်းနေတာ။ ဖြတ်သွားဖြတ်လာ အမျိုးသားတွေကို တားပြီး ဖမ်းနေတာ။ အမျိုးသမီးတွေကိုတော့ မဖမ်းဘူး။ ကျနော်သိသလောက် အမျိုးသား ၈ ဦးလောက် ပါသွားတယ်” လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
ရှမ်းနီပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားတဲ့ အမျိုးသားေတွဟာ မည်သူမည်ဝါ ဖြစ်တယ်ဆိုတာနဲ့ မည်သည့်နေရာ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရပါဘူး။
မိုးညှင်းမြို့နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေကာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်ကလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် လုံခြုံရေးယူထားတဲ့ ဘီလူးမြို့အနီးက လုံခြုံရေးဂိတ်ကို KIA က ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။