ဆီးရီးယားနယ်စပ် ဂျော်ဒန်နိုင်ငံ အရှေ့မြောက်ပိုင်းက အမေရိကန် ထောက်ပို့စခန်းကို အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွတွေက ဒရုန်းနဲ့ တိုက်ခိုက်လို့ စစ်သည် ၃ ဦး ကျဆုံးပြီး ၃၄ ဦး ဒဏ်ရာရတယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အမေရိကန် တာဝန်ရှိသူတွေက ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ အစ္စရေး-ဟားမတ်စ် စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ဒါက ပထမဆုံးအကြိမ် အမေရိကန်စစ်သည် ကျဆုံးမှုဖြစ်ပြီး အရှေ့အလယ်ပိုင်းပဋိပက္ခ ပိုမိုအရှိန်မြင့်လာတော့မယ့် အရိပ်အယောင်လည်း ဖြစ်ပါတယ်။
“ကျုပ်တို့ရွေးချယ်တဲ့အချိန်၊ ပုံစံနဲ့ တာဝန်ရှိတဲ့သူတွေ တာဝန်ခံရအောင် လုပ်သွားမယ်ဆိုတာ သံသယမရှိပါနဲ့” လို့ ဘိုင်ဒင်က ကြေညာချက် ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အီရန်သံတမန်အဖွဲ့ကတော့ အခုတိုက်ခိုက်မှုဟာ အီရန်နဲ့ မပတ်သက်သလို အမေရိကန်စခန်းကို တိုက်စရာ ဘာအကြောင်းမှလည်း မရှိဘူးလို့ ငြင်းပါတယ်။
ဒါက ဒေသတွင်းမှာ အမေရိကန်တပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် လက်တုံ့ပြန်တိုက်ကြတဲ့ ဖြစ်စဉ်ပဲလို့ အီရန်က ထုတ်ပြန်ပါတယ်။
လူမဲ့လေယာဉ်က မနက်အစောပိုင်း စစ်တန်းလျားနားကို ဝင်တိုက်ခိုက်ခဲ့တာကြောင့် အထိအခိုက် များရတာဖြစ်ပြီး အသေအပျောက် အရေအတွက်က ဒီထက်တိုးလာနိုင်တယ်လို့ အမေရိကန် တာဝန်ရှိသူနှစ်ဦးက ပြောပါတယ်။
အီရတ်က အီရန်ကျောထောက်နောက်ခံပြု သဘောထားတင်းမာတဲ့ စစ်သွေးကြွအုပ်စုတွေ ပေါင်းစုထားတဲ့ အစ္စလာမ်တော်လှန်ရေးအဖွဲ့ (Islamic Resistance) တပ်ပေါင်းစုက စခန်းသုံးခုကို တိုက်ခိုက်ခဲ့တယ်လို့ ကြေညာထားပြီး အဲဒီအထဲမှာ ဂျော်ဒန်-ဆီးရီးယား နယ်စပ်က စခန်းလည်း ပါဝင်ပါတယ်။
Source/Photo-Reuters