ကရင်ပြည်နယ်၊ မြဝတီခရိုင်မှာ စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီး ပစ်ချခံရပြီး ပျက်ကျသွားတယ်လို့ ကေအန်ယူ သတင်းရင်းမြစ်ကနေ သိရပါတယ်။
သင်္ကန်းညီနောင် ၃၅၅ စစ်တပ်စခန်းရှေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်က ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းမှာ စနိုက်ပါ အဝေးပစ်သေနတ်နဲ့ ပစ်ခတ်ရာမှာ စစ်ရဟတ်ယာဉ် ထိမှန် မီးလောင်ပျက်ကျသွားတယ်လို့ ဆိုပါတယ်။
မီးလောင်ပျက်ကျတာကြောင့် တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် စိုးရိမ်စရာ ထိခိုက်ဒဏ်ရာရသွားပြီး တခြားတပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာရတာရှိတယ်လို့ ပြောပေမဲ့ ထိခိုက်သူ အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။
အဆိုပါ စစ်ကောင်စီ ရဟတ်ယာဉ်ဟာ တပ်မ ၄၄ တပ်အင်အား အပြောင်းအလဲ လုပ်ဖို့လာတဲ့ ရဟတ်ယာဉ် ၂ စီးထဲက တစီးဖြစ်တယ်လို့ဆိုပါတယ်။
ဒီနေ့မှာပဲ မြဝတီမြို့ရှိ ဗျူဟာကုန်းကို ပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကောင်စီ တပ်သားတချို့ ထိခိုက်တာ ရှိတယ်လို့လည်း သိရပါတယ်။