တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့က ဘုရားကျောင်းတခုမှာ တနင်္ဂနွေနေ့က ဝတ်ပြုနေသူတယောက်ကို မျက်နှာဖုံးစွပ် သေနတ်သမားနှစ်ယောက်က ပစ်သတ်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး အလီယာလစ်ကာယာက ဇန်နဝါရီ ၂၈ ရက်မှာ ပြောပါတယ်။
အကြမ်းဖက်သမားတွေကို ဖမ်းမိဖို့ အာဏာပိုင်တွေက လုပ်နေပြီး ဒီတိုက်ခိုက်မှုကို တူရကီအစိုးရက ရှုတ်ချခဲ့ပါတယ်။
ဆာရီယာခရိုင်က အီတာလျံ ဆန်တာမာရီယာ ကက်သလစ်ဘုရားကျောင်းမှာ မနက် ၈ နာရီ မိနစ် ၄၀ လောက်က ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုအတွင်း သေနတ်သမားတွေရဲ့ ပစ်မှတ်ထားခံခဲ့ရသူဟာ ဝတ်ပြုဆုတောင်းပွဲကို တက်နေချိန် သေဆုံးသွားခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။
စီစီတီဗွီ မှတ်တမ်းတွေအရ တိုက်ခိုက်သူတွေဟာ ဘုရားကျောင်းထဲ ဝင်ရောက် ပစ်ခတ်ပြီး ထွက်သွားတာကို ပြသခဲ့ပါတယ်။
သေဆုံးသူဟာ တူရကီနိုင်ငံသားဖြစ်ပြီး တခြားဘယ်သူမှ မထိခိုက်ဘူးလို့ အစ္စတန်ဘူလ် အုပ်ချုပ်ရေးမှူး ဒါဗွတ် ဂူးလ်က ဘုရားကျောင်းအပြင်ဘက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
တိုက်ခိုက်သူတွေက လူတဦးတည်းကိုသာ ပစ်ခတ်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်နဲ့ သေဆုံးသူကို ဘာကြောင့် ပစ်မှတ်ထားခဲ့တာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Source/Photo-Reuters