Home
နိုင်ငံတကာ
ဂါဇာတွင် အစ္စရေးတိုးချဲ့အိမ်ရာများ တည်ဆောက်ရန် ဆွေးနွေး
DVB
·
January 29, 2024
Convention calling for Israel to rebuild settlements in the Gaza Strip and the northern part of the Israeli-occupied West Bank

အစ္စရေး လက်ယာစွန်းဝါဒီ နာဟာလာ အဖွဲ့က ဇန်နဝါရီ ၂၈ ရက်က ဂျေရုစလင်မြို့မှာ ဦးစီးကျင်းပတဲ့ အစ္စရေး တိုးချဲ့အခြေချနေထိုင်သူများ ဆွေးနွေးပွဲမှာ ဂါဇာကမ်းမြောင်နဲ့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်း မြောက်ဘက်ခြမ်းမှာ တိုးချဲ့အိမ်ရာတွေ ပြန်လည်တည်ဆောက်ဖို့ အစ္စရေးအစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

ဒီပွဲကို အစိုးရက ဦးစီးကျင်းပတာ မဟုတ်ပေမဲ့လည်း ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ လီကွတ်ပါတီက ဝန်ကြီး ၁၂ ဦး၊ ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် လက်ယာစွန်းပါတီတွေက ဝန်ကြီးနှစ်ဦးတို့ တက်ရောက်ခဲ့ကြပါတယ်။

အစ္စရေးဟာ ဂါဇာကမ်းမြောင်ကို ၃၈ နှစ်ကြာ သိမ်းပိုက်ထားခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်မှာ ဂါဇာက စစ်တပ်ရော တိုးချဲ့အိမ်ရာတွေပါ ပြန်လည်ရုပ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။

အခု စစ်ပွဲပြီးရင် ဂါဇာမှာ အမြဲတမ်းအခြေချမှုမျိုး ထိန်းသိမ်းထားဖို့ မရည်ရွယ်ပေမဲ့ လုံခြုံရေးကိုတော့ ကာလအကန့်အသတ်မရှိ ထိန်းချုပ်သွားမယ်လို့ နေတန်ယာဟုက ပြောထားပါတယ်။

ဒါပေမဲ့ အစ္စရေးရဲ့ ရေရှည်ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသလို အမေရိကန်နဲ့ နိုင်ငံတော်တော်များများကလည်း အနာဂတ်ဂါဇာကို ပါလက်စတိုင်းသားတွေပဲ အုပ်ချုပ်ရမယ်လို့ ပြောထားပါတယ်။

နာဟာလာအဖွဲ့ဟာ ဂျူး တိုးချဲ့အိမ်ရာတွေ တည်ဆောက်ပြီး အခြေချနေထိုင်မှု ပြန့်ပွားရေး နှိုးဆော်တဲ့အဖွဲ့ ဖြစ်ပါတယ်။

ပါလက်စတိုင်းနယ်နိမိတ်လို့ လက်ခံထားကြတဲ့နေရာမှာ ဒီလို ဝင်ရောက်နေထိုင်တာကို နိုင်ငံတကာက တရားမဝင်တဲ့လုပ်ရပ်လို့ သတ်မှတ်ထားပါတယ်။

ဒီလို ဝင်ရောက်နေထိုင်ကြတဲ့ ဆက်တယ်လာလို့ခေါ်တဲ့ အခြေချနေထိုင်သူတွေနဲ့  ပါလက်စတိုင်းသားတွေအကြား ပဋိပက္ခတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

တချိန်က ဂါဇာမှာ တိုးချဲ့အခြေချခဲ့တဲ့ မိသားစုတွေက ကလေးတွေဟာ အခု ဟားမတ်စ်နဲ့ စစ်ပွဲမှာ စစ်သည်တော်တွေအဖြစ် ပါဝင်တိုက်ခိုက်ပေးနေကြကြောင်း၊ ဂါဇာကနေ ဂျူးအိမ်ရာတွေက ပြန်ဖယ်ပေးဖို့ အဲဒီတုန်းက အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းကြောင်း  ပွဲတက်ရောက်ခဲ့တဲ့ အစ္စရေးဘဏ္ဍာရေးဝန်ကြီး ဘက်ဇီလယ်စမိုထရစ်ချ်က ဝေဖန်ပါတယ်။

ပြည်သူ့လုံခြုံရေးဝန်ကြီး အစ်တမာ ဘန်ဂဗီယာကလည်း ဂါဇာမြေကို ထိန်းချုပ်ထားမှသာ ရော့ကတ်တွေနဲ့ ထပ်မပစ်နိုင်မှာဖြစ်တယ်၊ အောက်တိုဘာ ၇ တိုက်ခိုက်မှုမျိုး ထပ်မကြုံရမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

Source/Photo-REUTERS/Ronen Zvulun

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024