အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ပေးဖို့ တာဝန်ရှိနေတဲ့ ကမ္ဘာမှာ ကြွေးအများဆုံး အိမ်ခြံမြေလုပ်ငန်းစုကြီးဖြစ်တဲ့ China Evergrande Group ကို စာရင်းရှင်းဖျက်သိမ်းဖို့ ဟောင်ကောင်တရားရုံးတရုံးက ဇန်နဝါရီ ၂၉ ရက်မှာ အမိန့်ချလိုက်ပါတယ်။
မူလကတည်းက မတည်မငြိမ်ဖြစ်နေတဲ့ တရုတ်ဘဏ္ဍာရေးစျေးကွက် အကျပ်အတည်း ပိုနက်ရှိုင်းမလာစေဖို့ တာဝန်ရှိသူတွေက ကြိုးစားနေချိန်မှာ အခုဖြစ်စဉ်က ကြီးကြီးမားမား ဂယက်ရိုက်ဖို့ ရှိနေပါတယ်။
Evergrande ဟာ ပြန်လည်ဖွဲ့စည်းဖို့ ခိုင်မာတဲ့ အစီအစဉ် မတင်ပြနိုင်ဘဲ လပေါင်းများစွာ နှောင့်နှေးနေခဲ့ပြီး အကြိမ်ကြိမ် ရုံးချိန်းပေးနေခဲ့ရတာကြောင့် ဒီလိုဆုံးဖြတ်လိုက်တာလို့ တရားသူကြီး လင်ဒါချန်က ဆိုပါတယ်။
“ရုံးတော်အနေနဲ့ တော်လိုက်ပြီလို့ ပြောရမယ့်အချိန်ပါ” လို့ တရားသူကြီးက ချန်က ပြောပါတယ်။
ပြင်ပက မြီရှင်တွေအတွက် တရုတ်အာဏာပိုင်က ဘယ်လိုစီစဉ်ပေးမလဲ ဆိုတာကလည်း စောင့်ကြည့်စရာ ဖြစ်နေပါတယ်။
“ဒါက အဆုံးမဟုတ်သေးပါဘူး၊ ရှည်လျားလှတဲ့ စာရင်းရှင်းဖျက်သိမ်းမှုရဲ့ အစပဲ ရှိပါသေးတယ်။ Evergrande ရဲ့ ပိုင်ဆိုင်မှုအများစုက တရုတ်ပြည်မကြီးမှာ ရှိပါတယ်။ မြီရှင်တွေက အဲဒီပိုင်ဆိုင်မှုတွေကို ဘယ်လိုဝင်သိမ်းမလဲ၊ ပြည်ပက ငွေချေးစာချုပ် ကိုင်ဆောင်သူတွေကို ဘယ်လိုပေးချေမှုအဆင့် သတ်မှတ်ပေးမလဲ၊ အစုရှယ်ယာရှင်တွေ အတွက်ဆို ပိုတောင်ဆိုးပါသေးတယ်” လို့ Natixis က အကြီးတန်း စီးပွားရေးပညာရှင် ဂါရီ အန်းဂ်က သုံးသပ်ပါတယ်။
ပိုင်ဆိုင်မှု ဒေါ်လာ ၂၄၀ ဘီလီယံလောက်ရှိတဲ့ Evergrande ဟာ ၂၀၂၁ မှာ ကြွေးဆပ်ဖို့ ပျက်ကွက်အပြီးနောက်မှာ တရုတ်အိမ်ခြံမြေစျေးကွက်ကို ကမောက်ကမ ဖြစ်စေခဲ့ပါတယ်။
အခု စာရင်းရှင်းဖျက်သိမ်းဖို့ အမိန့်ချလိုက်ပြီဖြစ်တဲ့အတွက် ယိုင်နဲ့နေတဲ့ တရုတ် မတည်ငွေရင်းနဲ့ အိမ်ခြေမြေစျေးကွက်ကို ပိုဆိုးလာစေနိုင်ပါတယ်လို့ ရိုက်တာသတင်းမှာ သုံးသပ်ပါတယ်။
Source/Photo-Reuters