အီရတ်မှာရှိတဲ့ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ရဲ့ မစ်ရှင်အဆုံးသတ်ရေးကို ဆွေးနွေးကြမယ့် အီရတ်နဲ့ အမေရိကန်အရာရှိတွေအကြား ပထမအကြိမ် ဆွေးနွေးပွဲကို ဘဂ္ဂဒက်မှာ ဇန်နဝါရီ ၂၇ ရက်က ကျင်းပခဲ့တယ်လို့ အီရတ်အစိုးရက ပြောပါတယ်။
အီရတ်ဝန်ကြီးချုပ် မိုဟာမက် ရှီယာအလ် ဆူဒါနီဟာ ပထမအကြိမ် ဆွေးနွေးပွဲကို ကမကထ ပြုခဲ့ကြောင်း ဝန်ကြီးချုပ် ဆူဒါနီရဲ့ မီဒီယာရုံးက ထုတ်ပြန်ပြောကြားခဲ့ပြီး အသေးစိတ်တော့ မဖော်ပြထားပါဘူး။
အယ်လ်ဆူဒါနီ သဘာပတိအဖြစ် ဆောင်ရွက်နေတဲ့အစည်းအဝေးမှာ အီရတ်စစ်တပ် အကြီးတန်းအရာရှိတွေနဲ့ အမေရိကန်အရာရှိတွေ တက်ရောက်နေကြတဲ့ ဓာတ်ပုံတွေကို မီဒီယာရုံးက ထုတ်ပြန်ခဲ့ပါတယ်။
အီရတ်မှာ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ရဲ့ မစ်ရှင်ပြီးဆုံးရေး ဆွေးနွေးကြမယ့် အဆင့်မြင့်စစ်ကော်မရှင်ဖွဲ့ဖို့ကို အမေရိကန်နဲ့ သဘောတူခဲ့ကြောင်း အီရတ်က ကြာသပတေးနေ့မှာ ပြောပါတယ်။
အီရတ်ရှိ နိုင်ငံတကာညွန့်ပေါင်းအကြံပေးတွေကို ဖြည်းဖြည်းချင်း လျှော့ချရေးနဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ စစ်ရေးမစ်ရှင် ပြီးဆုံးခြင်းအတွက် ရှင်းလင်းတဲ့ အချိန်ဇယားကို ရေးဆွဲနိုင်ဖို့အတွက် ကော်မရှင်ဟာ IS အဖွဲ့ရဲ့ ဆက်လက်ခြိမ်းခြောက်မှုကို အကဲဖြတ်သွားမှာဖြစ်ပြီး အီရတ်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်တွေကိုလည်း အကဲဖြတ်သွားမှာဖြစ်ကြောင်း အီရတ်က ပြောပါတယ်။
Source/Photo - Reuters