စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လက်အောက် အလင်းဝင်ရောက်လာသူတွေကို ဇန်နဝါရီ ၂၆ ရက်နေ့က ဂုဏ်ပြုဆုငွေပေးအပ်ခဲ့တယ်လို့ မြို့နယ်တာဝန်ရှိသူတွေဆီက သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဗျူဟာစုဖွဲ့မှုသင်တန်းမှာ အောင်မြင်ခဲ့တဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ကို ဂုဏ်ပြု အခမ်းအနားနဲ့အတူ စစ်ကောင်စီတပ်လက်အောက်ကနေ အလင်းဝင်ရောက်လာသူတွေကို ဂုဏ်ပြုဆု ပေးခဲ့တာပါ။
အလင်းဝင်ရောက်လာသူတွေကို သေနတ် ၁ လက်ပါသူ ကျပ်သိန်း ၅၀၊ သေနတ် ၂ လက်ပါသူ ကျပ်သိန်း ၆၀၊ သေနတ်မပါသူတွေကို ကျပ် ၅ သိန်းစီ အသီးသီး ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “မြို့နယ် ပကဖအနေနဲ့ စစ်ကောင်စီ တပ်စခန်းတွေကို စွန့်လွှတ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာသူတွေကို နွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့ရဲ့ စားဝတ်နေရေး၊ လုံခြုံရေးကို ထောက်ပံ့ပေးတယ်။ စစ်ကောင်စီတပ်စခန်းက တပ်သားတွေအားလုံး အာဏာရှင်ကို စွန့်ခွာပြီး ပြည်သူနဲ့အတူရပ်တည်ဖို့ ဖိတ်ခေါ်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်အထိ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လက်အောက်ကို အလင်းဝင်ရောက်လာတဲ့ ရဲနဲ့ စစ်ကောင်စီတပ်သား ၉ ယောက် ရှိပြီလို့ သိရပါတယ်။