ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဇန်နဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းက ကိုးရီးယားဆိပ်ကမ်းမှာ အလုပ်လုပ်နေကြတဲ့ ဘုတ်သမားတွေကို စစ်ကောင်စီတပ်သားတွေက လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မနက် ၁၀ နာရီလောက်မှာ လာဖမ်းတာဖြစ်ပြီး ဖမ်းခံရသူ အတိအကျကို မသိရသေးပေမဲ့ အများစုဟာ စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်းတဝိုက်မှာ ကုန်တင်ကုန်ချလုပ်နေကြတဲ့ ဘုတ်သမားတွေ ဖြစ်ကြတယ်လို့ မျက်မြင်တယောက်က ပြောပါတယ်။
“အဖမ်းခံရတဲ့သူတွေက ကိုးရီးယားဆိပ်ကမ်းတဝိုက်မှာ အလုပ်လုပ်နေကြတဲ့သူတွေ ဖြစ်တယ်။ ဘာကြောင့်ဖမ်းရတာလဲ ဆိုတာလည်း မသိရဘူး။ တွေ့တဲ့သူကို ကားပေါ်တင်ပြီး ဖမ်းတာပဲ” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ စစ်တွေမြို့ပေါ်မှာ ရေလုပ်ငန်းနဲ့ တခြား ပျံကျ အလုပ်လုပ်ကိုင်ပြီး စားသောက်နေကြတဲ့ ပြည်သူတွေကို ဖမ်းဆီး ငွေညှစ်တာတွေ အမြဲတမ်းလိုလုပ်နေတယ်လို့ ဆိုပါတယ်။
ဘုတ်သမားတယောက်က “အပြစ်ရှိလို့ ဖမ်းတာဆို လက်ခံလို့ရသေးတယ်။ အခုက ဘာပြစ်မှုမှ မကျူးလွန်တဲ့ သူတွေကို တွေ့ကရာဖမ်းဆီးနေတော့ ဘာမှ လုပ်စားကိုင်စားလို့ မရတော့ဘူး” လို့ ပြောပါတယ်။
ဇန်နဝါရီ ၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတွေဟာ ကိုးရီးယားဆိပ်ကမ်းမှာ ကမ်းကပ်ထားတဲ့ ဘုတ်၊ သဗ္မာန်တွေနဲ့ လူ ၅၀ ကျော်ကို ဖမ်းဆီးခဲ့တဲ့အပြင် လွှတ်ပေးဖို့အတွက် ခြိမ်းခြောက်ငွေညှစ်ခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဘုတ်သမားတွေကို ဘယ်မှာ ဖမ်းဆီးထားရလဲ ဆိုတာကို မိသားစုတွေက စုံစမ်းနေကြပြီး အာမခံရဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။