Home
မြန်မာသတင်း
နေပြည်တော်တွင် ကားကိုဝင်တိုက်ပြီး ၃ ဦးသေ၊ အသုတ်မြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူး ကားကြိတ်ခံရပြီးသေဆုံး
DVB
·
January 28, 2024
Car Crash MDY_28012024

နေပြည်တော်မှာ ၁၂ ဘီးကားကို ဆိုင်ကယ်က ဝင်တိုက်လို့ မိသားစု ၃ ယောက် သေဆုံးခဲ့ပြီး အသုတ်မြို့မှာတော့ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေး တယောက် ကားကြိတ်ခံရလို့ သေဆုံးသွားပါတယ်။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဇန်နဝါရီ ၂၇ ရက်နေ့က ၁၂ ဘီးကားကို ဆိုင်ကယ်က ဝင်တိုက်မိပြီး ဆိုင်ကယ်ပေါ်ပါလာတဲ့ မိသားစုဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ ကရုဏာရှင် လူမှုကူညီရေးအသင်းဆီကနေ သိရပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရင်ခွဲပင်ကျေးရွာ သတင်းစာတိုက်နားမှာ ဇန်နဝါရီ ၂၇ ရက် ည ၆ နာရီခွဲအချိန်က ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောပေါ်က  ၁၂ ဘီးကားကို ဝင်တိုက်ခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါလာတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၁ ယောက်၊ အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ယောက်တို့ သေဆုံးခဲ့ပါတယ်။

ကရုဏာရှင် လူမှုကူညီရေးအသင်းတာဝန်ရှိသူတယောက်က “ဆိုင်ကယ်က တဖက် ယာဉ်ကြောကနေပြီး တွဲကားညာဘက်ခြမ်းကို ဝင်တိုက်လိုက်တာ။ တွဲကားက ရန်ကုန်ကနေ နေပြည်ဘက်ကိုအလာ ဆိုင်ကယ်က နေပြည်ဘက်ကနေ ရန်ကုန်ဘက်ကို အသွားမှာ တိုက်တာ။ ဖြစ်ဖြစ်ခြင်း လူကြီးနှစ်ယောက်ကတော့ ပွဲချင်းပြီး သေသွားတယ်။ အသက် ၅ နှစ်လောက်ရှိတဲ့ သူတို့သမီး မိန်းကလေးကတော့ ဆေးရုံပို့နေတဲ့အချိန် ဆုံးသွားတာပါ” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့တဲ့မိသားစုဝင် ၃ ယောက်ကို ကရုဏာရှင် လူမှုကူညီရေးအသင်းက နေပြည်တော်ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ပေးခဲ့ပါတယ်။

အလားတူ ဇန်နဝါရီ ၂၈ ဒီကနေ့ မနက်ပိုင်းမှာလဲ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း သိုက်ချောင်းလမ်းဆုံမှာ ဆိုင်ကယ် ၂ စီးတိုက်ပြီး ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့က စစ်ကောင်စီခန့် အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေး ဦးမျိုးညွန့်ဟာ ဇန်နဝါရီ ၂၇ ရက်နေ့က ဓနုဖြူမြို့မှာ ကားကြိတ်ခံရပြီး သေဆုံးသွားတယ်လို့ အသုတ်မြို့ခံတွေဆီက သေရပါတယ်။

ဒေသခံတယောက်က “သူက အခု စစ်တပ်ခန့်ထားတဲ့ အသုတ်မြို့ ရပ်ကွက် ၁ က အုပ်ချုပ်ရေးမှူးပါ။ ဒီနေ့ ဓနုဖြူမှာ ကားတိုက်တာ ခေါင်းပြားသွားပြီး ဆုံးသွားတာ။ ပြည်သူကို ဒုက္ခပေးသူ တယောက်ပဲ” လို့‌ ပြောပါတယ်။

ဦးမျိုးညွန့်ဟာ အသုတ်မြို့မှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားသူဖြစ်ပြီး  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတုန်းက အဲဒီဆိုင်မှာ ရဲစခန်းမှူးနဲ့ ရဲတွေ ထိုင်နေတုန်း တော်လှန်ရေး အဖွဲ့တဖွဲ့က ဗုံးနဲ့ တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

အဲဒီတုန်းကလည်း မဆိုင်တဲ့ပြည်သူတယောက်ကို ရဲက ဖမ်းဆီးပြီး နှိပ်စက်တာကြောင့် သေဆုံးသွားခဲ့ရတယ်လို့ အသုတ်မြို့ခံတယောက်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024