ပင်လယ်နီကနေ အေဒင်ပင်လယ်ကွေ့အထိ ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေဟာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအပေါ် တိုက်ခိုက်တာတွေ သိသိသာသာ ချဲ့ထွင်လာတာကို ပြနေတယ်လို့ ကုန်သွယ်ရေး လေ့လာသုံးသပ်သူ တဦးက ပြောပါတယ်။
စစ်ဖြစ်နေဆဲ ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်တွေက ဇန်နဝါရီ ၂၇ ရက်မှာ အေဒင်ပင်လယ် ကွေ့ကို ဖြတ်သန်းသွားတဲ့ သင်္ဘောတစီးကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့လို့ မီးလောင်ခဲ့ပြီး လူအသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပါဘူး။
တိုက်ခိုက်မှုဟာ အရင်က ပင်လယ်နီမှာ မောင်းသူမဲ့ လေယာဉ်တွေအစား ပဲ့ထိန်းဒုံးကျည်ကို သုံးတဲ့အတွက် ဟူသီတို့ရဲ့ တိုက်ခိုက်မှုနည်းပညာ တိုးချဲ့လာတာကို အမှတ်အသားပြုခဲ့တယ်လို့ ပို့ကုန်နဲ့ နိုင်ငံတကာ ကုန်သွယ်မှုဌာန ညွှန်ကြားရေးမှူးချုပ် မာကို ဖှိုရီဂွန် က BBC သတင်းဌာနကို ပြောပါတယ်။
နိုဝင်ဘာ ၁၉ ရက်ကတည်းက ပင်လယ်နီမှာ သင်္ဘောတွေကို တိုက်ခိုက်တာဟာ ဂါဇာမှာ အစ္စရေးရဲ့ စစ်ဆင်ရေးကို တုံ့ပြန်တာလို့ ယီမင်ရဲ့ လူဦးရေအများဆုံး အစိတ်အပိုင်းတွေကို ထိန်းချုပ်ထားတဲ့ အီရန်နဲ့မဟာမိတ် ဟူသီ စစ်သွေးကြွတွေက ပြောခဲ့ပါတယ်။
တိုက်ခိုက်မှုတွေဟာ ပင်လယ်နီကို ဖြတ်သန်း ခုတ်မောင်းတဲ့ ကွန်တိန်နာတင် သင်္ဘောတွေကို အဓိကပစ်မှတ်ထားနေပြီး ဒါဟာ ကမ္ဘာလုံးဆိုင်ရာ သင်္ဘောတွေကို အနှောင့်အယှက် ဖြစ်စေသလို ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုအပေါ် သက်ရောက်စေခဲ့ပါတယ်။
တိုက်ခိုက်မှုတွေကြောင့် အာဖရိကတဝန်း၊ ဥရောပနဲ့ အာရှအကြား ကုန်သွယ်မှုလမ်းကြောင်းဆီ နိုင်ငံတကာသင်္ဘောကုမ္ပဏီတွေက ပို့ဆောင်နေရလို့ အချိန်နဲ့ ကုန်ကျစရိတ်တွေ ပေါင်းထည့်နေရပါတယ်။
အရေးပါတဲ့ ရေလမ်းကြောင်းက သင်္ဘောတွေ တိုက်ခိုက်ခံနေရတဲ့ကိစ္စမှာ ကူညီဖို့ တရုတ် အရာရှိတွေက အီရန်နိုင်ငံကို တောင်းဆိုထားတယ်။
တိုက်ခိုက်မှုတွေကြောင့် တရုတ်အစိုးရနဲ့ စီးပွားရေးအရ ဆက်ဆံမှုကို ထိခိုက်နိုင်ခြေများတယ်လို့ တရုတ်က ပြောခဲ့တယ်လို့ အီရန် သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
ပင်လယ်နီကို ဖြတ်ကျော်လာတဲ့ ရုရှားနဲ့ တရုတ်သင်္ဘောတွေကို ဘေးကင်းလုံခြုံမှုရှိရှိ ဖြတ်သန်းခွင့်ပြုမယ်လို့ ဟူသီသူပုန်တွေက ပြောတဲ့အကြောင်း ဂျာမနီနိုင်ငံ အခြေစိုက် ဒွိုက်ချ် ဝီလီ သတင်းဌာနက ပြောပါတယ်။
တရုတ်နဲ့ ရုရှား သင်္ဘောတွေက အစ္စရေးဆီ ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့ရာမှာ ပါဝင် ပတ်သက်ခြင်း မရှိလို့ သူတို့ လုပ်ရပ်က မျှတတယ်လို့လည်း ဟူသီတွေက ပြောတဲ့အကြောင်း ဂျာမန်သတင်းဌာနက ဖော်ပြပါတယ်။
တရုတ်သင်္ဘောတွေကို ဟူသီတွေက မတိုက်ခိုက်ပေမယ့် ဒေသတွင်း မငြိမ်မသက်ဖြစ်နေတဲ့ အခြေအနေဟာ တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ အကြီးအကျယ် သက်ရောက်နေတယ်လို့လည်း ဒွိုက်ချ်ဝီလီ သတင်းဌာနက ဖော်ပြပါတယ်။
Source/Photo - Reuters