Home
မြန်မာသတင်း
ဖူးခက်တွင် မြန်မာအလုပ်သမား ၁၅ ဦး လုပ်ခလစာမရဘဲ အလုပ်ထုတ်ခံရ
DVB
·
January 28, 2024
PhuKhat Myanmar Workers_28012024

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၅ ဦးကို အလုပ်ရှင်က အလုပ်သမားလက်မှတ် လုပ်ပေးဖို့ ပိုက်ဆံတောင်းပြီး မလုပ်ပေးတဲ့အပြင် လစာမပေးဘဲ အလုပ်က ထုတ်ခဲ့တယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။

မြန်မာအလုပ်သမား အမျိုးသား  ၁၁ ဦး နဲ့ အမျိုးသမီး ၄ ဦးတို့ကို သူဌေးက အလုပ်သမား လက်မှတ်လုပ်ပေးမယ်ဆိုပြီး တယောက်ကို ဘတ် ၉၅၀၀ ကနေ ဘတ် ၁၅၀၀၀ အထိ တောင်းယူပြီး မလုပ်ပေးတဲ့အပြင် အလုပ်သမားတွေရဲ့လစာ ၁ လစာ ဘတ် ၂ သိန်း ၃ သောင်းကျော်ကို မပေးဘဲ အလုပ်ကထုတ်ခဲ့ပါတယ်။

မြန်မာအလုပ်သမား ၁၅ ဦးဟာ အလုပ်သမားလက်မှတ် မလုပ်ပေးလျှင် ဘတ်ဖိုးပြန်ပေးဖို့နဲ့ လုပ်အားခတွေပေးဖို့ သူဌေးကို တောင်းဆို‌ခဲ့ပေမယ့် မပေးဘဲ အလုပ်သမားတွေကို အဆောင်က နှင်ထုတ်ပြီး အဆောင်ကိုလည်း ဖျက်ဆီးခဲ့တဲ့အတွက် WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံ အကူအညီတောင်းခံခဲ့ပါတယ်။

WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့တာဝန်ရှိသူ ကိုမုန်တိုင်းက “သူဌေးက ဘတ်ရိုက်ပေးမယ်ဆိုပြီး ဘတ်(အလုပ်သမားလက်မှတ်) ဖိုးတွေတောင်းပြီး လက်ဗွေလည်း မနှိပ်ရသေး၊ ဘာမှလည်း မလုပ်ရသေးဘဲ လုပ်ငန်းခွင်က မောင်းထုတ်လိုက်တယ်။ လုပ်အားခဘတ် ၂ သိန်းကျော်လည်း မပေးဘဲနဲ့ အဆောင်မှာတောင် ပေးမနေတဲ့ဘူး၊ အဆောင်တွေပါ ဖျက်လိုက်တာ။ အခုက ဘတ်လည်း မရိုက်ရသေးတော့ အလုပ်သမားတွေက ဘယ်မှသွားလာလို့မရ‌ဘူး ဖြစ်နေတယ်။ အခု ထိုင်းနိုင်ငံမှာက ဘတ်စာရင်းတွေလည်း ပိတ်လိုက်ပြီလေ” လို့ ပြောပါတယ်။

WAG အဖွဲ့အနေနဲ့ အလုပ်သမားတွေရဲ့ လုပ်အားခနဲ့ ဘတ် ဒါမှမဟုတ် ဘတ်ဖိုး ပြန်လည်ရရှိဖို့အတွက် သက်ဆိုင်ရာရုံးတွေကတဆင့် တောင်းခံဖို့ ဆောင်ရွက်နေပါတယ်။

ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုအများဆုံး ဖြစ်တဲ့အတွက် အထောက်အထားရှိသူတွေအနေနဲ့ လက်လွတ်စပယ်‌ မနေကြဖို့နဲ့ အထောက်အထားမဲ့ အလုပ်သမားများအနေနဲ့လည်း သတိထားပြီး နေထိုင်ဖို့ ကိုမုန်တိုင်းက ပြောပါတယ်။

အလားတူ ချွန်ပူလီခရိုင်မှာရှိတဲ့ PE Mat ကုမ္ပဏီမှာလည်း ဇန်နဝါရီ ၁၈ ရက်နေ့က မြန်မာအလုပ်သမား ၁၈ ဦးကို လစာမပေးဘဲ အလုပ်က ထုတ်ခဲ့တဲ့အပြင် မြန်မာလူမှုအဖွဲ့အစည်းကို‌ တိုင်ခဲ့တဲ့အတွက် ဖုန်းတွေသိမ်းပြီး အပြင်ပေးမထွက်ဘဲ စက်ရုံထဲက အဆောင်မှာပဲ ပိတ်ထားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024