တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလေဗန်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဇန်နဝါရီ ၂၆ နဲ့ ၂၇ ရက်က တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်များ တွေ့ဆုံမှုမှာ ရလာခဲ့တဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့၊ တရုတ်-အမေရိကန် နှစ်နိုင်ငံကြား အရေးကြီးတဲ့ ကိစ္စရပ်တွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက ပြတ်သား ခိုင်လုံ၊ အသီးအပွင့်များတဲ့ မဟာဗျူဟာမြောက် အမြင်ဖလှယ်တာတွေ လုပ်ခဲ့ကြပါတယ်။
နှစ်နိုင်ငံ ဆက်ဆံရေးအတွက် မဟာဗျူဟာမြောက် လမ်းညွှန်ချက်တွေ ပေးဆောင်ဖို့ နှစ်နိုင်ငံ အကြီးအကဲတွေက သဘောတူခဲ့ကြတယ်လို့လဲ သတင်းထုတ်ပြန်ပါတယ်။
တရုတ်နဲ့ အမေရိကန် နှစ်ဖက်စလုံးက အဆင့်တိုင်းနဲ့ နယ်ပယ်အသီးသီးမှာ ပိုတိုးမြှင့် ဖလှယ်သွားကြဖို့၊ ရှိပြီးသား မဟာဗျူဟာမြောက် ဆက်သွယ်ရေးလမ်းကြောင်းတွေကို ထိထိရောက်ရောက် သုံးဖို့နဲ့ သံခင်းတမန်ခင်း၊ စစ်ဘက်ရေးရာ၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ ရာသီဥတုပြောင်းလဲမှုအပါအဝင် ကဏ္ဍတွေမှာ တွေ့ဆုံ ဆွေးနွေးတာတွေ၊ တိုင်ပင်ဆွေးနွေးတာတွေ လုပ်သွားကြဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။ တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် လမ်းညွှန်ချက် စည်းမျဉ်းတွေကို ဆက်ဆွေးနွေးသွားမယ်လို့လည်း ဆိုပါတယ်။
မကြာမီကာလအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ လုပ်ငန်းအဖွဲ့ကို စတင်ဖွင့်လှစ်ပြီး အခု နွေဦးပေါက်ရာသီမှာ ဉာဏ်ရည်တုဆိုင်ရာ အစိုးရအချင်းချင်း အပြန်အလှန် ဆွေးနွေးမှု ယန္တရားအတွက် တရုတ်-အမေရိကန် ပထမအကြိမ် အစည်းအဝေး ကျင်းပမယ်လို့လည်း ဆိုပါတယ်။ ပြည်သူအချင်းချင်း ဖလှယ်တာတွေကို ချဲ့ထွင်ဖို့ နောက်ထပ်ခြေလှမ်းတွေ လုပ်ဆောင်ဦးမယ်လို့လည်း ပြောပါတယ်။
အရှေ့အလယ်ပိုင်း၊ ယူကရိန်း၊ ကိုရီးယားကျွန်းဆွယ်နဲ့ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ ကိစ္စတွေကိုလည်း တရုတ်နဲ့ အမေရိကန် နှစ်ဖက် ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပါတယ်။
Source/Photo - Reuters