စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းတွေမှာ ကူညီ ထောက်ပံ့တာတွေ မရတော့တာကြောင့် စားဝတ်နေရေးခက်ခဲနေကြပြီး စစ်ဘေးရှောင်တွေဟာ ကြုံရာအလုပ်ကိုလုပ်ပြီး ဝမ်းရေးအတွက် ဖြေရှင်းနေကြရတယ်လို့ စစ်ဘေးရှောင်တွေနဲ့ ကူညီနေသူတွေက ပြောပါတယ်။
စစ်ဘေးရှောင်ရတာ ၃ နှစ်နီးပါးဖြစ်လာလို့ ပါလာတဲ့ ပစ္စည်းဥစ္စာတွေလည်း ကုန်ခန်းနေကြပြီဖြစ်ပြီး နေထိုင်စားသောက်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။
“အိမ်ကပါလာတာတွေလည်း အကုန်ပြောင်ပြီ။ ဘာမှမရှိတော့ဘူး။ အငှား လိုက်စားနေရတာ။ တောတွေမှာ တောခုတ်ပြီး ရတဲ့ငွေနဲ့ ဆန်ဝယ်စားနေရတာ။ အခုက ထောက်ပံ့မယ့်သူတွေလည်း မရှိတော့ အရမ်းခက်ခဲတယ်။ လိုအပ်နေတာတော့ ဆန်တွေ၊ ခြုံဝတ်ခြုံစားတွေလိုတယ်” လို့ ပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ဘေးရှောင်စခန်း ၁၀ ခုကျော်နဲ့ စစ်ဘေးရှောင် ၃ သောင်းကျော် နေထိုင်နေပြီး လက်ရှိမှာတော့ စစ်ဘေးရှောင်တွေ တရက်ထက်တရက် တိုးလာတယ်လို့ သိရပါတယ်။
ပြည်တွင်း ပြည်ပက အလှူရှင်တွေ လျော့နည်းလာသလို ဘဏ္ဍာရေးပိုင်းလည်း အားနည်းလာလို့ လတ်တလောမှာ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးနိုင်တာ မရှိဘူးလို့ ကူညီနေသူတယောက်ဖြစ်တဲ့ ကိုသူရိန်ဇင်က ပြောပါတယ်။
“ဒီလထဲ ၁ လပိုင်းထဲ ၂၀၂၄ ထဲမှာကတော့ စစ်ဘေးရှောင်စခန်းတွေကိုတော့ ကျနော်တို့ လှူဒါန်းမှုတွေ မလုပ်ဆောင်နိုင်သေးဘူးဗျ။ ကျနော်တို့ကလည်း ပြည်တွင်း ပြည်ပက အလှူရှင်တွေရဲ့ လှုဒါန်းမှုတွေရှိမှသာ လှူဒါန်းနိုင်မှာဆိုတော့လေ။ စစ်ဘေးရှောင်တွေမှာတော့ အခက်အခဲမြောက်မြားစွာရှိတယ်ဗျ။ ကျနော်တို့လည်း လက်ထဲမှာက ဘဏ္ဍာငွေတွေ အားနည်းနေတယ် ဆိုတော့ လှူဒါန်းမှုတွေက မလုပ်နိုင်သေးဘူးဗျ” လို့ ပြောပါတယ်။
အဲဒီ စစ်ဘေးရှောင်တွေဟာ ဒေသတွင်းတိုက်ပွဲတွေနဲ့ စစ်ကောင်စီက နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတွေကြောင့် ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်လာကြရတာလို့ ဆိုပါတယ်။
လက်ရှိမှာ စားနပ်ရိက္ခာဖြစ်တဲ့ ဆန် အဓိကလိုအပ်နေပြီး အမိုးအကာတွေ၊ အဝတ်အထည်တွေနဲ့ စောင်တွေလည်း လိုအပ်နေတယ်လို့ အင်းကျွန်းရွာက စစ်ဘေးရှောင် ဦးဆန်းလှက ပြောပါတယ်။
“အခု ကျနော်တို့ စားဝတ်နေရေးကတော့ လက်လုပ်လက်စားပေါ့ဗျာ။ စားဝတ်နေရေးက ပြေလည်းမပြေလည်ဘူး။ နောက်ပိုင်းမှာက အလှူရှင်တွေလည်း ပါးလာပြီလေ။ ဒီမှာက တနေ့လုပ် တနေ့စားနဲ့ ကြိုပေးတွေ ယူစားနေကြတာ။ အဓိက ကတော့ စားဝတ်နေရေးပါပဲ။ အခု ဆောင်းတွင်းတောင် မိုးကာတွေကလည်း နှင်းက မလုံတော့ဘူး။ ကျနော်တို့ ပြောချင်တာကတော့ အခုလောလောဆယ်တော့ တကယ်ကို အလှူရှင်တွေ များများလိုအပ်နေတယ်ဗျ။ ကျနော်တို့ တော်တော်လေးကို ခက်ခဲနေတယ်” လို့ ပြောပါတယ်။
ကလေးမြို့နယ်မှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၃,၀၀၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားပြီး စစ်ရှောင်တွေလည်း တိုးလာတာကြောင့် အကူအညီတွေလည်း လိုအပ်နေဆဲ ဖြစ်ပါတယ်။