Home
မြန်မာသတင်း
မလေးရှားတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၀ ကျော် ဖမ်း‌ဆီးခံရ 
DVB
·
January 28, 2024
Myanmar Migrants arrested at Malaysia_28012024

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဆလာယန်းဈေးဟောင်းမှာ ဇန်နဝါရီ ၂၇ ရက် မနက်အစောအပိုင်းက အထောက်အထား စာရွက်စာတမ်း မပါရှိတဲ့ မြန်မာနိုင်ငံသား ၃၅ ယောက် အပါအဝင် နိုင်ငံခြားသား ၁၀၈ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဆလာယန်းဈေးဟောင်းမှာ တရားမဝင် နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်နေကြောင်း ဒေသခံ မလေးရှားတွေ တိုင်တန်းလို့ ကွာလာလမ်ပူ ရဲချုပ် အဗ္ဗဒွလ်မဂျစ် ဦးဆောင်တဲ့ အရာရှိအင်အား ၄၆၅ ယောက်နဲ့ ဝင်ရောက်စီးနင်းပြီး နိုင်ငံခြားသား ၂၁၃ ယောက်ကို စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးပြီးနောက် အထောက်အထားစာရွက်စာတမ်းပါတဲ့ ၁၀၅ ယောက်ကို ပြန်လွှတ်ပြီး အထောက်အထား စာရွက်စာတမ်းမပါရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၃၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်၊ အင်ဒိုနီးရှားနိုင်ငံသား ၅၂ ယောက်၊ အိန္ဒိယနိုင်ငံသား ၁၂ ယောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ယောက်၊ နီပေါနိုင်ငံသား ၁ ယောက်နဲ့ ပါကစ္စတန်နိုင်ငံသား ၁ ယောက်တို့ကို ဖမ်းဆီးခဲ့ပါတယ်။

မလေးရှားရောက်မြန်မာနိုင်ငံသားတယောက်က “ဈေးဟောင်းမှာ ညစ်ပတ်ပြီး ဆူ‌ညံနေလို့ အနီးအနားက ဒေသခံတွေက တိုင်လိုက်တာ။ ဖော့ဖာ၊ ငါးထည့်ကစ်တွေနဲ့ ကျန်တဲ့ ငါးထည့်တဲ့နေရာတွေပါမကျန် အကုန်စစ်ပြီး ဖမ်းသွားတာ။ မြန်မာတွေနဲ့ ကိုယ့်နိုင်ငံမဟုတ်တော့ အဲလို မူးပြီးဆူညံတာ‌တို့ ညစ်ပတ်တာလို့လုပ်မရဘူး။ အခုက အထောက်အထားရှိရှိ မရှိရှိ နိုင်ငံခြားသား‌ဆို အကုန်ဖမ်းတာ။ ရုံးရောက်မှ ပြန်စစ်ပြီး ပြန်လွှတ်တာ” လို့ ပြောပါတယ်။

ဖမ်း‌ဆီးရမိတဲ့ မြန်မာနိုင်ငံသား ၃၅ ယောက် အပါအဝင်  အထောက်အထားမဲ့ နိုင်ငံခြားသား ၁၀၈ ယောက်ကို လူဝင်ကြီးကြပ်ရေးပုဒ်မ ၂ ခုနဲ့ ကွာလာလမ်ပူ လူဝင်ကြီးကြပ်ရေးရုံးမှာ ဆက်လက်စစ်ဆေးနေတယ်လို့ မလေးလူဝင်ကြီးကြပ်ရေး အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားနိုင်ငံ၊ နဂရီဆမ်လီဘန်ပြည်နယ်၊ ဆရင်ဘန်းမြို့မှာလည်း ဇန်နဝါရီ ၂၃ ရက်က တရားမဝင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၀၉ ယောက်အပါအဝင် ၆၂၈ ယောက်ကို မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်း‌ဆီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024