အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုဟာ ဂါဇာက ဓားစာခံတွေ ပြန်လွတ်မြောက်လာအောင် ဇန်နဝါရီ ၂၇ ရက်က ကာတာအပေါ် လူထုဖိအား အရှိန်မြှင့်လိုက်ပြီး ပင်လယ်ကွေ့စော်ဘွားများ ပြည်ထောင်စုအနေနဲ့ ဟားမတ်စ် စစ်သွေးကြွတွေကို ထောက်ပံ့ ကူညီသူအဖြစ် သူတို့လက်ထဲမှာ ရှိနေတဲ့ သြဇာအာဏာကို အသုံးချသင့်တယ်လို့လည်း ပြောပါတယ်။
နေတန်ယာဟုက “ကာတာနဲ့ပတ်သက်ရင် ကျနော် စကားတစ်ခွန်းမှ ပြန်မပြောပါဘူး၊ ဟားမတ်စ်ကို ဖိအားပေးနိုင်တဲ့ လမ်းကြောင်းတခု၊ ဓားစာခံတွေကို ပြန်လည်ခေါ်ဆောင်နိုင်ဖို့ရာ ဟားမတ်စ်ကို ဖိအားပေးနိုင်တဲ့ တစုံတယောက်ကို စွန့်လွှတ်မှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
ခုလို တမူထူးကဲတဲ့ ရှင်းရှင်းပြတ်ပြတ် မှတ်ချက်စကားတွေဟာ ကာတာဝန်ကြီးချုပ်နဲ့ အစ္စရေး၊ အမေရိကန်နဲ့ အီဂျစ်တို့မှ ထောက်လှမ်းရေး အကြီးအကဲတွေအကြား ဓားစာခံတွေ လွတ်မြောက်ရေး သဘောတူညီချက်အသစ်ကို ဆွေးနွေးကြဖို့ တွေ့ဆုံမှုကနေ ထွက်ပေါ်လာတာပါ။
နေတန်ယာဟုက “ကာတာဟာ ဟားမတ်စ်ခေါင်းဆောင်တွေကို လက်ခံထားတယ်၊ ဟားမတ်စ်ကို ရန်ပုံငွေလည်း ပေးတယ်။ ကာတာဟာ ဟားမတ်စ်တွေအပေါ် သြဇာလွှမ်းမိုးမှုရှိပြီး၊ ဆေးဝါးပစ္စည်းတွေလည်း ဟားမတ်စ်ခရိုင်တွေကို ကျနော်တို့ရဲ့ ဓားစာခံတွေဆီ ရောက်ရှိစေရမယ်လို့ ကတိပြုထားပြီးတော့ သူတို့တွေကို ပြန်ခေါ်လာနိုင်အောင် ကူညီပေးမယ်လို့ ပြောထားတယ်။ ဒါကြောင့် ဟားမတ်စ်တွေကို ဖိအားပေးဖို့ ကာတာက သူတို့ကိုယ်သူတို့ ဖျန်ဖြေသူအဖြစ် သတ်မှတ်ပြီးတော့ ဓားစာခံတွေကို ပြန်ခေါ်လာနိုင်အောင် ကျေးဇူးပြုပြီး သက်သေပြပေးပါ။ ဒီကြားထဲမှာ သူတို့ ဆေးတွေ လက်ခံရရှိကြောင်း သေချာလုပ်ပေးပါ” လို့ ပြောပါတယ်။
အဲဒီဆွေးနွေးပွဲတွေကို ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ဖော်ပြောဆိုမထားတဲ့ ဥရောပရှိ နေရာတခုမှာ ကျင်းပဖို့ စီစဉ်ထားကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါပေမဲ့ ၄ နိုင်ငံမှ တာဝန်ရှိသူတွေကတော့ အဲဒီအစည်းအဝေးကို တရားဝင်အတည်ပြုခြင်း မရှိသေးပါဘူး။ နေတန်ယာဟုရဲ့ မှတ်ချက်တွေနဲ့ပတ်သက်ပြီး ကာတာနိုင်ငံမှ ချက်ခြင်းတုံ့ပြန်ခြင်း မရှိပါဘူး။
အစ္စရေးဟာ သူ့ရဲ့ မဟာရန်သူတော် အီရန်နဲ့ ပိုနီးစပ်တဲ့ ကာတာနဲ့ ဆက်ဆံရေး ဆိုးရွားခဲ့တာ ကြာလှပြီဖြစ်ပြီး ကာတာကိုလည်း တရားဝင် အသိအမှတ် မပြုထားပါဘူး။
ကာတာနဲ့ အီဂျစ်တို့ဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့ဆီ လမ်းကြောင်းတွေ ဖွင့်ထားပြီး နိုဝင်ဘာလတုန်းက အပစ်အခတ်ရပ်စဲရေးကို ကြားဝင် အကျိုးဆောင်ပေးခဲ့တာမှာ ဟားမတ်စ်တို့ရဲ့ အောက်တိုဘာ ၇ ရက် နယ်စပ်ဖြတ်ကျော် သောင်းကျန်းမှုမှာ ဖမ်းဆီးသွားတဲ့ ဓားစာခံ လူ ၂၅၃ ဦးထဲက တချို့တဝက်ဟာ ဂါဇာကမ်းမြောင်ဒေသမှာ ပြန်လွတ်မြောက်စေခဲ့ပါတယ်။
အပြန်အလှန်အားဖြင့် အစ္စရေးဟာ ပျက်စီးဆုံးရှုံးနေတဲ့ နယ်မြေအတွက် အကူအညီတွေ တိုးမြှင့်ပေးခဲ့ပြီး ပါလက်စတိုင်းအကျဉ်းသား အများအပြားကို လွှတ်ပေးခဲ့ပါတယ်။
ကျန်ရှိနေသေးတဲ့ ဓားစာခံ ၁၃၂ ဦးလောက်ကို ပြန်လွှတ်ပေးဖို့အတွက် နောက်ဆက်တွဲ သဘောတူညီချက်ရအောင် ကြိုးပမ်းနေကြပုံရပြီး အစ္စရေးမှာ အစိုးရကို ဒီထက်ပိုပြီး လုပ်ဆောင်ပေးဖို့ တောင်းဆိုကြတဲ့ ဆန္ဒပြမှုတွေလည်း ပျံ့နှံ့နေပါတယ်။
Source/Photo - REUTERS/Ronen Zvulun