စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ချင်းပြည်နယ်ဘက်ကို ဆက်သွယ်ထားတဲ့ ကလေး-သိုင်းငင်း-တီးတိန် လမ်းမကြီးကို ဒေသခံကာကွယ်ရေးတပ်ဘက်က ပြန်လည်ဖွင့်ပေးခဲ့ပေမဲ့ စစ်ကောင်စီဘက်ကတော့ ဆက်လက်ပိတ်ထားတယ်လို့ ကုန်တင်ယာဉ်လိုင်း တာဝန်ခံတွေက ပြောပါတယ်။
ကလေးမြို့ ကုန်တင်ယာဉ်လိုင်း တာဝန်ခံတယောက်က “အခုတော့ ကလေးတောင်ပိုင်းဘက် ဝေဘူလဘက်က ဆက်သွားနေရတာ။ လူငယ်(CDF)တွေ ဘက်ကတော့ ဖွင့်ပေးတယ်။ စကစဘက်က မဖွင့်ပေးသေးတာ။ သိုင်းငင်းဘက်က လမ်းဖွင့်ရင်တော့ လမ်းခရီး ပိုလွယ်ကူသွားမှာ” လို့ ပြောပါတယ်။
ကလေး-သိုင်းငင်း-တီးတိန် လမ်းမကြီးကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဘက်က ၂ လနီးပါး ပိတ်ထားခဲ့ပြီးနောက် ဇန်နဝါရီ ၂၂ ရက်နေ့မှာ လမ်းကို ပြန်လည်ဖွင့်ပေးခဲ့တာပါ။
လတ်တလောမှာတော့ စစ်ကောင်စီက အဲဒီ လမ်းပိုင်းဖြစ်တဲ့ ကလေးတက္ကသိုလ်ရှေ့မှာ အင်အားတိုးချဲ့ထားပြီး ချင်းတောင်ကိုတက်မယ့် ကားတွေနဲ့ ခရီးသည်တွေကလွဲရင် အနီးတဝိုက်က ဒေသခံတွေကိုတော့ သွားလာခွင့်ပြုထားတယ်လို့ဆိုပါတယ်။
ကလေးမြို့ခံတယောက်က “ခိုင်ကမ်းနဲ့ ကိုးမိုင်တဝိုက်တော့ သွားလာလို့ရတယ်။ တောင်ပေါ်လမ်းကိုပဲ ပိတ်ထားတာ။ စစ်တပ်ကလည်း သိုင်းငင်းစခန်း သိမ်းခံရကတည်းက အဲဒီဘက်မှာ အင်အားတော်တော်ချထားတယ်” လို့ ပြောပါတယ်။
ကလေး-သိုင်းငင်းလမ်း ပိတ်ထားတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသလို အဲဒီလမ်းပိုင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ CDF-CDM-SIYIN အဖွဲ့ကို ဒီဗွီဘီက ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။
အဲဒီလမ်းပိတ်ထားလို့ ကလေးမြို့ဘက်ကနေ ချင်းပြည်နယ်ကိုသွားတဲ့ ခရီးလမ်းကို ကွင်းလမ်းတွေကနေ ပတ်သွားရတာကြောင့် တန်ဆာခနဲ့ ခရီးသည်ကားခနှုန်းတွေလည်း ကြီးမြင့်နေပါတယ်။
သိုင်းငင်းစစ်ကောင်စီစခန်းကို ဇန်နဝါရီ ၁၆ ရက်နေ့က ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အယောက် ၃၀ သေဆုံးပြီး ချင်းကာကွယ်ရေးတပ်ဘက်က ၈ ယောက် ကျဆုံးခဲ့ပါသေးတယ်။
ကလေး-သိုင်းငင်း-တီးတိန် လမ်းမကြီးဟာ ချင်းပြည်နယ်ရဲ့ ကုန်စည်ဆက်သွယ်ရေးနဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့လမ်းမကြီး ဖြစ်ပါတယ်။