မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းကနေ ဇန်နဝါရီ ၂၈ ရက်မှာ ခရုဇ်ဒုံးကျည် အများအပြားကို ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောပါတယ်။
ဒုံးကျည် ဘယ်လောက် ပစ်လွှတ်ခဲ့ကြောင်း မဖော်ပြထားပေမယ့် တောင်ကိုရီးယားစစ်တပ်ဟာ စောင့်ကြည့်မှုနဲ့ နိုးနိုးကြားကြား သတိထားမှုမှာ အားကောင်းနေပြီး အခုနောက်ဆုံး ပစ်လွှတ်မှုကို ခွဲခြမ်းစိတ်ဖြာဖို့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ သူ့မဟာမိတ်တွေကို ထိပ်တိုက်ရင်ဆိုင်မှုတွေ အရှိန်မြှင့်လာပေမယ့် ပြုံယမ်းဟာ မလွဲမသွေ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ ကြံရွယ်ထားတဲ့ အရိပ်အယောင် လက္ခဏာတွေတော့ မတွေ့ရှိရကြောင်း ဝါရှင်တန်နဲ့ ဆိုးလ်က တာဝန်ရှိသူတွေက ပြောပါတယ်။
ကင်မ်ဂျုံအန်းရဲ့အစိုးရဟာ ရန်စပျိုးနေမှုတွေကို ဆက်လက် တိုးမြှင့်လုပ်ဆောင်လာဖွယ်ရှိကြောင်း အရာရှိတွေနဲ့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ပြုံယမ်းအစိုးရဟာ ပဲ့ထိန်းဒုံးကျည် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာပြီးနောက်မှာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း အားကောင်းလာနေပြီး တောင်ကိုရီးယားနဲ့ ငြိမ်းငြိမ်းချမ်းချမ်းပြန်လည်ပေါင်းစည်းမယ့် ဆယ်စုနှစ်ချီ ရည်မှန်းချက်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
Source/Photo - Reuters