ကွယ်လွန်သွားပြီဖြစ်တဲ့ ဂန္ထဝင်အဆိုတော် ဒေါ်မာမာအေးရဲ့ ဈာပနအခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့မှာ ဇန်နဝါရီ ၂၈ ရက် (ဒေသစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် မွန်းလွဲပိုင်း) က ကျင်းပခဲ့ပါတယ်။
အသက် ၈၂ နှစ်အရွယ် ဒေါ်မာမာအေးဟာ ဇန်နဝါရီ ၈ ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပြီး ကျန်ရစ်တဲ့ သူ့ရဲ့ ရုပ်အလောင်းကို အမေရိကန်ပြည်ထောင်စုရောက်မြန်မာအသိုက်အဝန်းက နာရေးပို့ဆောင် မီးသင်္ဂြိုဟ်ခဲ့တာဖြစ်ပါတယ်။
ဧရာဝတီတိုင်း၊ မြောင်းမြမြို့ဇာတိ အဆိုတော် ဒေါ်မာမာအေးကို ဖခင်နှဲဆရာ ဦးအေး၊ မိခင် ဒေါ်သန်းနှစ် (အဆိုတော် မြောင်းမြသန်း) တို့က ၁၉၄၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက "ခေတ်သစ် ရာဇဝင် ပြဇာတ်အဖွဲ့" မှာ သီချင်းဆို၊ ပြဇာတ်ကခဲ့ပြီး အသက် ၈ နှစ်အရွယ်မှာ စတင် အသံ လွှင့်ခဲ့ပါတယ်။
မြန်မာ့ဂီတလောကမှာ သက်တံပေါ်မှာ ကစားမယ်သီချင်းနဲ့ ကျော်ကြားခဲ့တဲ့ ဒေါ်မာမာအေးဟာ တရေးချစ်ခွင့်မြင်ရနိုး၊ မေ့ကွက်ကိုရှာစတဲ့သီချင်းတွေအပြင် ဂန္ထဝင်တွင်မယ့် သီချင်းအမြောက်အမြား၊ ဓာတ်ပြားတေးစုနဲ့ ရုပ်ရှင်တေးအယ်လ်ဘမ်ပေါင်း ၅၀ ကျော် ထွက်ရှိခဲ့ပါတယ်။