ဂါဇာရှိ ပါလက်စတိုင်းပြည်သူတွေဆီ အကူအညီတွေ မရောက်မချင်း အစ္စရေးနဲ့ ဆက်နွှယ်နေတဲ့ သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်နေမှာဖြစ်ကြောင်း ယီမင် ဟူသီခေါင်းဆောင် အဗ္ဗဒယ်လ် မာလခ် အယ်လ်ဟူသီက ဇန်နဝါရီ ၂၅ ရက်က ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
ဟူသီခေါင်းဆောင်က သူတို့အဖွဲ့ရဲ့ စစ်ဆင်ရေးဟာ နိုင်ငံတကာ ရေကြောင်းသွားလာရေးကို ခြိမ်းခြောက်ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပြီး အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ သူတို့ပါဝင်မှုဟာ မြင့်မြတ်တဲ့ တာဝန်တရပ်ကို ဆင်နွှဲတာဖြစ်ကြောင်းလည်း ဆိုပါတယ်။
ဗြိတိန်နဲ့ အမေရိကန်တို့ဟာ ပင်လယ်နီအတွင်း ကူးသန်းရောင်းဝယ်ရေး သင်္ဘောတွေကို တိုက်ခိုက်မှုအတွင်း အထောက်အပံ့ပြုခြင်းနဲ့ ညွှန်ကြားခြင်းတွေမှာ အဓိက တာဝန်ရှိတဲ့ ဟူသီ ပုဂ္ဂိုလ်လေးဦးအပေါ် ပူးတွဲပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ကြောင်း ကြာသပတေးနေ့က ပြောထားပါတယ်။
လူပေါင်း ၂ ဒသမ ၃ သန်း နေထိုင်ကြတဲ့ ဂါဇာကမ်းမြောင်တခုလုံးမှာလည်း အောက်တိုဘာ ၇ ရက်ကတည်းက ဟားမတ်စ် စစ်သွေးကြွတွေကို တိုက်နေတဲ့ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုအောက်မှာ ဆာလောင်မှုဒဏ်ကို ခံစားနေရပြီး နယ်မြေအများစုမှာ အငတ်ဘေးကြုံရကြောင်း ကုလသမဂ္ဂက အခုသီတင်းပတ်မှာ သတိပေးခဲ့ပါတယ်။
အီဂျစ်နယ်စပ်အနီးရှိ ဒေသတွေကနေ တင်သွင်းပေးတဲ့ အစားအစာတွေကို အကန့်အသတ်နဲ့ ထောက်ပံ့မှုတွေ ရရှိနေချိန်မှာ တိုက်ပွဲတွေ အပြင်းထန်ဆုံးဖြစ်ပွားနေတဲ့ မြောက်ပိုင်းနဲ့ အလယ်ပိုင်းရှိ ပြည်သူတွေကတော့ ကပ်ဘေးကြုံနေရတယ်လို့ အကူအညီပေးရေး လုပ်သားတွေက ပြောပါတယ်။
ကယ်ဆယ်ရေးအေဂျင်စီတွေကလည်း တိုက်ပွဲတွေကြားမှာ ရွှေ့ပြောင်းဖို့နဲ့ အဆက်အသွယ်ရဖို့ ရုန်းကန်နေရတာကြောင့် ဂါဇာက ငတ်မွတ်ခေါင်းပါးမှုဆိုင်ရာ ဒေတာကို ကျယ်ကျယ်ပြန့်ပြန့် မရရှိနိုင်ပါဘူး။
အစ္စရေးဘက်ခြမ်းမှာတော့ ဇန်နဝါရီ ၂၅ ရက်မှာ ဓားစာခံတွေရဲ့ မိသားစုတွေ၊ ဂါဇာကမ်းမြောင်ဒေသမှာ သေဆုံးခဲ့တဲ့ စစ်သားတွေရဲ့ မိသားစုတွေဟာ ဂါဇာကမ်းမြောင်ကို ကယ်ဆယ်ရေးထရပ်ကားတွေ ဖြတ်သန်းမှုကို ပိတ်ဆို့တားဆီးဖို့ ကြိုးစားတဲ့အနေနဲ့ ကယ်ရမ်ရှာလွန် နယ်စပ်ဂိတ်မှာ စုဝေးခဲ့ကြပါတယ်။
ဓားစာခံတွေ လွတ်မြောက်လာတဲ့အထိ ‘ဟားမတ်စ်’ တွေကို ကူညီမှုရပ်ဆိုင်းဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
Source/Photo-Reuters