Home
မြန်မာသတင်း
မလေးရှားနိုင်ငံတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၀ ကျော် ဖမ်းဆီးခံရ
DVB
·
January 26, 2024
Malaysia_26012024

မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ်နဲ့ ဂျိုဟိုးပြည်နယ်တို့မှာ အထောက်အထား စာရွက်စာတမ်း မပါရှိဘဲ တရားမဝင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၅၁ ဦး အပါအဝင် နိုင်ငံခြားသား ၁၉၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ မလေးလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဂျိုဟိုးပြည်နယ် စီနိုင်းမြို့ အနီးတဝိုက်မှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ဇန်နဝါရီ ၂၄ ရက် မနက် ၁၁ နာရီကစပြီး မလေးလူဝင်မှုကြီးကြပ်ရေးဌာနက အရာရှိ အင်အား ၁၀၀ ကျော်နဲ့ ရှောင်တခင် ဝင်ရောက်ခဲ့ပြီး နိုင်ငံခြားသား ၄၃၈ ဦးကို စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးပြီးနောက် အထောက်အထား စာရွက်စာတမ်းရှိတဲ့ ၃၀၆ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး အထောက်အထား စာရွက်စာတမ်း မပါရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁၁ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၅ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၉ ဦး၊ အိန္ဒိယနိုင်ငံသား ၈ ဦး၊ သီရိလင်္ကာနိုင်ငံသား ၆ ဦး၊ ပါကစ္စတန်နိုင်ငံသား ၂ ဦး၊ နီပေါနိုင်ငံသား ၁ ဦးနဲ့ ဒေသခံ မလေးရှားနိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။

ဂျိုဟိုးပြည်နယ်၊ ကာပါမြို့အနီးမှာရှိတဲ့ စက်မှုဇုန်ထဲက စက်ရုံ  ၃ ရုံကို ဇန်နဝါရီ ၂၅ ရက် မနက်အစောပိုင်းက ဘူကစ်အာမန် ရွှေ့ပြောင်းအလုပ်သမား တိုက်ဖျက်ရေးအဖွဲ့က ဝင်ရောက်စီးနင်းပြီး အထောက်အထား စာရွက်စာတမ်း မပါရှိတဲ့ မြန်မာနိုင်ငံသား ၃၁ ဦး၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၁၁ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၁၂ ဦးနဲ့ အိန္ဒိယနိုင်ငံသား ၃ ဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။

နှလုံးလှပရဟိတလူငယ်များ သွေးအလှူရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုသက်က “အဖမ်းဆီးတွေက နေရာစုံမှာ ဆက်တိုက်ဖမ်းဆီးနေတာ။ မလေးရှားနိုင်ငံသားတွေက နိုင်ငံခြားသား ပပျောက်ရေး၊ နိုင်ငံခြားသား ကင်းစင်ရေး ဆို‌တဲ့အဖွဲ့တွေ ဖွဲ့ပြီး ကွန်ပလိန်းတက်တော့ လဝကအဖွဲ့တွေ မနေသာတော့ဘူး။ နိုင်ငံခြားသားတွေ စုရုံးစုရုံး‌လုပ်တဲ့ နေရာတွေကို သတင်းပေးပါ၊ သူတို့ ချက်ချင်းဖမ်းပေးမှာဆိုပြီး ထုတ်ပြန်လိုက်တယ်။ မြန်မာနိုင်ငံသားတွေ အနေနဲ့ ကိုယ့်နိုင်ငံမဟုတ်တော့ အော်ဟစ်သီချင်းဆို‌တာတွေ၊ ဘီယာသောက်စား မူးယစ်တာတွေနဲ့ ပွဲလမ်းသဘင် လုပ်တာမျိုးတွေ မလုပ်သင့်ဘူး” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၅၁ ဦး အပါအဝင် နိုင်ငံခြားသား ၁၉၂ ဦးကို အထောက်အထား စာရွက်စာတမ်း မရှိဘဲ နေထိုင်မှုနဲ့ အလုပ်လုပ်ကိုင်မှု‌တို့အတွက် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားနိုင်ငံ နဂရီဆမ်ဘီလန်ပြည်နယ်၊ ဆရင်ဘန်းမြို့မှာ ဇန်နဝါရီ ၂၃ ရက်ကလည်း တရားမဝင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၀၉ ဦး အပါအဝင် နိုင်ငံခြားသား ၆၂၈ ဦးကို မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024