အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေ ပင်လယ်နီမှာ သင်္ဘောတွေကို တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ ကြည့်ထိန်းမလား၊ တရုတ်နဲ့ ကောင်းမွန်နေတဲ့ စီးပွားရေးဆက်ဆံမှုကို အထိခိုက်ခံမလားဆိုပြီး တရုတ်တာဝန်ရှိသူတွေက အီရန်ဘက်ကို ဖိအားပေးထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အီရန်ဘက်က သတင်းရင်းမြစ်လေးခုနဲ့ ဒီကိစ္စအကြောင်းသိတဲ့ သံတမန်တဦးကို မေးမြန်းထားတာ ဖြစ်ပါတယ်။
“ရိုးရိုးရှင်းရှင်း ပြန်ပြောရရင်ဗျာ၊ တရုတ်ဘက်က ပြောတာက ‘ငါတို့အကျိုးစီးပွားတွေ တနည်းနည်း ထိခိုက်လာရင် တီဟီရန်နဲ့ ပေကျင်း ဆက်ဆံရေးအပေါ် သက်ရောက်လာမယ်ပေါ့။ အဲဒါကြောင့် ဟူသီတွေ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ပြောဦး’ ဆိုတာမျိုးပေါ့” လို့ အမည်မဖော်လိုတဲ့ အီရန်တာဝန်ရှိသူတဦးက ရိုက်တာကို ပြောပါတယ်။
ပင်လယ်နီမှာ သင်္ဘောတွေကို တိုက်ခိုက်တာဟာ ဂါဇာက ပါလက်စတိုင်းတွေကို ထောက်ခံတဲ့အနေနဲ့ အစ္စရေး၊ အမေရိကန်တို့ကို လက်တုံ့ပြန်တာလို့ ဟူသီတွေက ပြောထားပါတယ်။
ဒါပေမဲ့ ရေကြောင်းပို့ဆောင်မှုစရိတ်တွေ မြင့်တက်လာသလို တရုတ်က သင်္ဘောတွေ အဓိကသုံးတဲ့ အာရှနဲ့ ဥရောပ ကုန်သွယ်ရေးလမ်းကြောင်းမှာ အနှောင့်အယှက် ဖြစ်လာနေပါတယ်။
တရုတ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အီရန်ရဲ့ အကြီးဆုံးကုန်သွယ်ဘက်ဖြစ်ပေမဲ့ ကုန်သွယ်မှုမှာ တရုတ်က တဖက်စောင်းနင်း အသာစီးရနေတာပါ။
ဥပမာ တရုတ်ရေနံသန့်စင်စက်ရုံတွေဟာ ပြီးခဲ့တဲ့နှစ်က အီရန်ရေနံစိမ်းတင်ပို့မှု ၉၀ ရာခိုင်နှုန်းကျော်ကို ဝယ်ခဲ့ပါတယ်။
အမေရိကန် အရေးယူပိတ်ဆို့မှုကြောင့် အီရန်အတွက် ဖောက်သည်ရှားနေချိန်မှာ တရုတ်က လျှော့စျေးနဲ့ဝယ်ပြီး အကျိုးဖြစ်ထွန်းနေတာပါ။
ဒါပေမဲ့ အီရန်ထံက တင်သွင်းတဲ့ရေနံဟာ တရုတ်ရေနံစိမ်းတင်သွင်းမှုရဲ့ ၁၀ ရာခိုင်နှုန်းသာ ရှိပြီး တရုတ်မှာ ပေးသွင်းသူအများကြီး ရှိပါတယ်။
ဒါကြောင့် တရုတ်ဘက်ကြည့်ရင် အီရန်ကနေ ရေနံမသွင်းရလည်း သိပ်ပြဿနာမရှိပေမဲ့ အီရန်ဘက်ကတော့ တရုတ်ကို ရေနံမရောင်းရရင် ပြဿနာရှိနိုင်ပါတယ်။
ဒါကြောင့် တရုတ်ဩဇာဟာ အီရန်ကနေတဆင့် ဟူသီသူပုန်တွေအထိ တဆင့်ခံလွှမ်းမိုးမှု ရှိနေတာ ဖြစ်ပါတယ်။
Source/Photo-Reuters