ရီပတ်ဘလစ်ကန်သမ္မတလောင်းဖြစ်ဖို့ အခြေအနေအကောင်းဆုံးဖြစ်နေတဲ့ ဒေါ်နယ်ထရမ့်က ဒီမိုကရက်တစ်ပါတီက လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ထက် ထောက်ခံမှု ၆ ရာခိုင်နှုန်းလောက် အသာရနေတယ်လို့ Reuters/Ipsos စစ်တမ်းက ဖော်ပြပါတယ်။
စစ်တမ်းမှာ စိတ်ဝင်စားစရာကောင်းတာက ဖြေဆိုတဲ့သူ ၆၇ ရာခိုင်နှုန်းက ဒီနှစ်ယောက်ပဲ သမ္မတရွေးကောက်ပွဲ ပြိုင်နေကြတာကို စိတ်ကုန်လာပြီလို့ ဖြေဆိုခဲ့တဲ့အချက်ပါ။
တနိုင်ငံလုံး အတိုင်းအတာနဲ့ အရွယ်ရောက်ပြီးသား အမေရိကန်နိုင်ငံသား ၁,၂၅၀ ကို စစ်တမ်းကောက်ယူခဲ့ရာမှာ ထရမ့်အပေါ် ထောက်ခံသူ ၄၀ ရာခိုင်နှုန်း၊ ဘိုင်ဒင်အပေါ် ထောက်ခံသူ ၃၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ကျန်သူတွေကတော့ မဆုံးဖြတ်ရသေးဘူး ဒါမှမဟုတ် ဘယ်သူမှမပေးဘူးလို့ ဖြေဆိုခဲ့ကြပါတယ်။
ဒီလအစောပိုင်း စစ်တမ်းတုန်းက နှစ်ဦးအပြိုင်ဖြစ်နေရာကနေ အခုလကုန်ပိုင်းမှာ ထပ်ကောက်တဲ့ စစ်တမ်းကျတော့ ထရမ့်က အသာရနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီစစ်တမ်းက ဘယ်လိုဖော်ပြသည်ဖြစ်စေ နှစ်ပါတီထောက်ခံမှု အပြိုင်ဖြစ်တဲ့ ပြည်နယ်တွေက ဘယ်သူ့ဘက်ပါမလဲ ဆိုတာကသာ အဓိကကျတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
စစ်တမ်းမှာ နှစ်ဖက်ပါတီထောက်ခံသူတွေ ကိုယ်တိုင်က သူတို့ရဲ့ ရွေးချယ်စရာ အကန့်အသတ် ရှိလွန်းမှုကို မကျေနပ်ကြကြောင်း ဖော်ပြခဲ့ပါတယ်။
အထူးသဖြင့် အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ လက်ရှိသမ္မတ ဘိုင်ဒင်ဟာ ထပ်မပြိုင်သင့်တော့ဘူးလို့ ဒီမိုကရက်ထောက်ခံသူ ထက်ဝက်၊ ဖြေဆိုသူအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းက သဘောထားပေးခဲ့ကြပါတယ်။
ဒီလိုပဲ သမ္မတပြန်ဖြစ်လာရင် အသက် ၇၇ နှစ်တောင် ရှိနေမှာဖြစ်တဲ့ ထရမ့် ကလည်း အသက်ကြီးလွန်းတယ်လို့ ဖြေဆိုသူ ထက်ဝက်ရှိပါတယ်။
Source/Photo-Reuters