ပဲခူးတိုင်း၊ ပဲခူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းမှာ ဇန်နဝါရီ ၂၆ ရက် ဒီကနေ့ မနက်ပိုင်းက ယာဉ်တိမ်းမှောက်ပြီး ဘုန်းကြီး ၁ ပါး၊ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦး နဲ့ ကလေး ၁ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၅/၅-၆ ဖာလုံကြားမှာ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ဖို့ရိန်းဂျားကားဟာ ဒီကနေ့မနက် ၇ နာရီက နောက်ဘက် ဘယ်ဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါလာတဲ့ သံဃာ ၃ ပါး၊ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၈ ဦးနဲ့ ကလေး ၁ ဦး စုစုပေါင်း ၁၇ ဦးထဲက ဘုန်းကြီး ၁ ပါး၊ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦးနဲ့ ကလေး ၁ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဘောနတ်ကြီးအမြန်လမ်း မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တဦးက “နေပြည်တော်ကနေ ရန်ကုန်မောင်းလာတဲ့ ဖို့ရိန်းဂျားကားက ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတာပါ။ ဖြစ်တာက ပဲခူးမြို့နယ်အပိုင်မှာပါ။ ထိခိုက်ဒဏ်ရာရတဲ့သူတွေက ထိပ်ကလေးတွေ ပေါက်တယ်၊ စုတ်ပြဲပွန်းပဲ့တဲ့ ဒဏ်ရာတွေကြီးပါပဲ၊ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။
ယာဉ်တိမ်းမှောက်တဲ့နေရာကို ဘောနတ်ကြီး အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ကူညီခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကို EMS 192 လူနာတင်ယာဉ်နဲ့ ပဲခူးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း မိုင်တိုင်အမှတ် ၅၇/၀ ဖာလုံကြားမှာ ဒီဇင်ဘာ ၂၄ ရက်ကလည်း ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ရဟန်း ၂ ပါး၊ ကိုရင် ၃ ပါးနဲ့ လူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။