မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ရေစကြို ကားလမ်းဘေး ပခုက္ကူနည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ရဲ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၅ ရက် မနက် ၉ နာရီမှာ GTC ကျောင်းဝင်းအတွင်း ရေစင်မှာ ဆိုင်ကယ်နဲ့ ရေစက်အပိတ်အဖွင့် လာလုပ်တဲ့ ရဲ ၂ ဦးကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ပစ်ခတ်ခံရမှုကြောင့် ရဲ ၂ ဦး နေရာမှာ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့တယ်လို့ Southern YSO PDF တပ်ဖွဲ့က အတည်ပြု ပြောပါတယ်။
Southern YSO PDF တာဝန်ရှိသူက “သတင်းရထားတာကြာပြီ၊ GTC ဧရိယာကလည်း ၁ မိုင်ခွဲပတ်ချာလည်လောက် ရှိတယ်။ ကျောင်းဝန်းရဲ့ မြောက်ဘက်မှာ ရေလာတင်တာ။ သူတို့အပြန်မှာ ကျနော်တို့ပစ်တော့ မျက်မြင်လဲကျသွားတာ။ အတော်ကြာတော့ အလောင်းတွေကို ပခုက္ကူဆေးရုံ သယ်သွားတယ်” လို့ ပြောပါတယ်။
ပခုက္ကူနည်းပညာတက္ကသိုလ် GTC ကျောင်းဝန်းနဲ့ အနီးတဝိုက်မှာ စစ်ကောင်စီ ဂိတ်စခန်း ၃ ခုရှိပြီး အင်အား ၇၀ နီးပါးရှိတယ်လို့လည်း သိရပါတယ်။