မလေးရှားနိုင်ငံ စိုက်ပျိုးရေးခြံတခုမှာ မြေပြိုကျမှုဖြစ်ပွားပြီး မြန်မာနိုင်ငံသား ၅ ဦး သေဆုံးခဲ့တယ်လို့ မလေးရှားရောက် မြန်မာတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၅ ရက် ည ၈ နာရီမှာ မလေးရှားနိုင်ငံ ကာမရိုဟိုင်လဲန်း၊ ကန်ပုံရမ်ဂျာမြို့ စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်ကိုင်နေစဉ် မြေပြိုမှု ဖြစ်ပွားခဲ့တာပါ။
မြေပြိုကျမှုကြောင့် မြန်မာနိုင်ငံသား ၅ ဦး သေဆုံးခဲ့ပြီး အလောင်းတွေကိုတော့ လူမှုကူညီရေးအသင်းတွေက ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦး ပါဝင်ပြီး သူတို့ဟာ ချင်းပြည်နယ် မင်းတပ်မြို့ကနေ မလေးရှားနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
မလေးရှားမှာနေထိုင်တဲ့ ချင်းလူမျိုးတဦးက “အလောင်းတွေကိုတော့ ကူညီရေးအဖွဲ့အစည်းတွေ၊ NGO တွေနဲ့ မလေးရှား အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ရှာဖွေနေတုန်းပဲ” လို့ ပြောပါတယ်။
ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းအထိ သေဆုံးသူ ၅ ဦးထဲမှာ ၁ ဦးသာ အလောင်းရှာတွေ့သေးတယ်လို့ သိရပါတယ်။