Home
မြန်မာသတင်း
ကံပေါက်ဒေသခံ ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
January 26, 2024
Kan 2612024

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ရပ်ကွက် ၂ ခုက နေအိမ် ၅ လုံးကို မောရဝတီရေတပ်က စစ်ကောင်စီတပ်သားတွေ ဇန်နဝါရီ ၂၃ ရက် ညက လာရောက် ရှာဖွေခဲ့တယ်လို့ ရွာသားတွေဆီက သိရပါတယ်။

မြသီတာရပ်ကွက်က နေအိမ် ၂ လုံးနဲ့ မိကျောင်းအိုင်ရပ်ကွက်က နေအိမ် ၃ လုံး စုစုပေါင်း ၅ လုံး ဝင်ရောက်ရှာဖွေခံရတာပါ။

နေအိမ်တွေမှာ ဝင်ရောက်ရှာဖွေပြီးနောက် မိကျောင်းအိုင်ရပ်ကွက်က အလှပြုပြင်ရေးဆိုင် ဖွင့်ထားတဲ့ ကိုတိုးတိုးအောင်နဲ့ မထိုက်ထိုက်လှိုင်တို့ ဇနီးမောင်နှံနဲ့ အဲဒီရပ်ကွက်ကပဲ ရေခဲသေတ္တာပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ ကိုကိုဦးနဲ့ ဇနီးမောင်နှံ စုစုပေါင်း လေးဦး တညတည်းမှာ အဖမ်းခံရပါတယ်။

ဝင်ရောက်ရှာဖွေခံရတဲ့ နေအိမ်အများစုဟာ ခဲသတ္တုရောင်းဝယ်ရေး လုပ်ကိုင်နေကြပြီး ဝင်ရောက်ရှာဖွေခံရတဲ့ အကြောင်းအရင်းနဲ့ ဖမ်းဆီးခံရတဲ့ အကြောင်းအရင်းကိုတော့ ဘယ်သူကမှ တိတိကျကျ မပြောနိုင်ကြပါဘူး။

အဖမ်းခံထားရသူ လေးဦးဟာ မောရဝတီရေတပ်မှာ ဆက်ရှိနေပြီး မိသားစုနဲ့ တွေ့ခွင့်မရသေးသလို ပြန်လည်းမလွတ်လာကြသေးပါဘူး။

မောရဝတီ ရေတပ်စခန်းဌာနချုပ် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ တတိယအပတ်ထဲမှာ ဗုံးချ တိုက်ခိုက်ခံရပြီးနောက်မှာလည်း ဒေသခံ ၇ ယောက် အဖမ်းခံခဲ့ရပါတယ်။

အဲဒီ ၇ ယောက်လည်း ပြန်မလွတ်လာသေးတာကြောင့် ကံပေါက်ဒေသမှာ နှစ်လအတွင်း အဖမ်းခံထားရသူ ၁၁ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024