မြန်မာနိုင်ငံဒေသအနှံ့အပြားမှာ အချိန်အခါမဟုတ် မိုးရွာပြီး မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင် သတိပြုဖို့ မိုး/ဇလဌာနက ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၂၅ ရက်က စလို့ မြန်မာနိုင်ငံ အနောက်ဘက်မှ ရွေ့လျားတာလာတဲ့ လေပွေလှိုင်း အရှိန် ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်က လေနွေးနဲ့ တရုတ်က လေအေးတွေ တွေ့ဆုံတာကြောင့် အခုလို ဖြစ်စဉ်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လတ်တလော ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ တိမ် အသင့်အတင့်မှ တိမ်ထူ ထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်း နေတယ်လို့ သိရပါတယ်။
အခုလိုဖြစ်စဉ်တွေကြောင့် စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နဲ့ ချင်းပြည်နယ် တွေမှာ နေကျဲကျဲနဲ့ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ အထိရှိနိုင်တယ်လို့ မိုး/ဇလက ခန့်မှန်းထုတ်ပြန်ပါတယ်။
မိုးထစ်ချုန်းရွာချိန် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၅ ပေမှ ၈ ပေခန့် ရှိနိုင်တယ်လို့ သိရပါတယ်။