Home
မြန်မာသတင်း
ဆီဆိုင်မြို့တွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းတိုက်ခိုက်
DVB
·
January 26, 2024
SeSye Fighting_26012024

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ ဇန်နဝါရီ ၂၆ ရက် မနက် ၅ နာရီလောက်က စတင်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး မြို့အနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်နဲ့ ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အောင်ချမ်းသာ၊ ဟိုခဲ၊ ဟော်တောင်ရပ်ကွက်က နေအိမ်တွေ၊ ဟိုခဲဘုန်းကြီးကျောင်း၊ ဆေးရုံနားက နေအိမ်၊ အောင်သပြေ စာသင်ကျောင်းတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆီဆိုင်မြို့အရှေ့ဘက် လွယ်တဖြီးတောင်ခြေတဝိုက်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တောင်ရဲ့ အရှေ့ဘက်ကျေးရွာက ဒေသခံတွေဟာ ဥယျာဉ်ခြံ၊ တော၊ တောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဆီဆိုင်မြို့ခံ အမျိုးသမီးတဦးက “မနက် ၅ နာရီကတည်းက အခုထိ သေနတ်ပစ်နေတာ၊ တရစပ်ကိုကြားရတာ။ ကျမတို့က အခု ဆီဆိုင်မြို့ အနောက်ဘက်က ရှမ်းရွာမှာ ရှိနေတာတောင် ကြားရတယ်။ မီးလောင်တာလည်းမြင်ရတယ်” လို့ ပြောပါတယ်။

မြို့ခံအမျိုးသားတဦးက “မနေ့က PNLA စစ်သားတွေက မြို့ထဲမှာ သိမ်းပိုက်ထားပြီးပြီ။ ခမရ ၄၂၄၊ ခမရ ၄၂၃ တပ်ထဲမှာလည်း စစ်သားတွေမရှိဘူး၊ ပြည်သူ့စစ် PNA တပ်သားတွေပဲရှိတာ။ ရဲတွေလည်း မရှိဘူး။ မနေ့ညနေပိုင်းက ဗမာစစ်သားတွေ ကား ၂၀ ကျော် ဆီဆိုင်ကို ဦးတည်ပြီး ဆင်းနေတာကို တွေ့ရတယ်။ ဒီနေ့က မနေ့ကထက် အခြေအနေဆိုးတယ်” လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၄ ရက်က စတင်ပြီး ဆီဆိုင်မြို့ကို PNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဆီဆိုင်မြို့နဲ့ အနီးနားက ကျေးရွာ ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ဟိုပုံး၊ တောင်ကြီး၊ ညောင်ရွှေမြို့တွေဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ဆီဆိုင်မြို့နဲ့ အနီးနားက ကျေးရွာ ၄ ရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ အပါအဝင် Y12 လေယာဉ်နဲ့ အကြိမ် ၂၀ နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဇန်နဝါရီ ၂၆ ရက် ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024