မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ပြည်သူတွေကို စားနပ်ရိက္ခာ အပါအဝင် အခြေခံစားဝတ်နေရေး လိုအပ်ချက်တွေကို ပံ့ပိုးပေးဖို့ ပျက်ကွက်တာဟာ နိုင်ငံရေးအရ ကြီးလေးတဲ့ကိစ္စဖြစ်ကြောင်း ပြောဆိုပြီးနောက်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ တောင်းဆိုခဲ့တယ်လို့ အစိုးရပိုင်ရုပ်မြင်သံကြား KRT က ဇန်နဝါရီ ၂၅ ရက်မှာ ဖော်ပြပါတယ်။
ဇန်နဝါရီ ၂၃ ရက်ကနေ ဇန်နဝါရီ ၂၄ ရက်အထိ ကျင်းပတဲ့ ၈ ကြိမ်မြောက် ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီရဲ့ ၁၉ ကြိမ်မြောက် နိုင်ငံရေးဗျူရို တိုးချဲ့အစည်းအဝေးမှာ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မိန့်ခွန်းပြောကြားရင်း ကင်မ်က မှတ်ချက်ချ ပြောဆိုသွားတာ ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
“အခုခါ ဒေသတွင်းစီးပွားရေး တခုလုံးဟာ နဂိုမူလအခြေအနေတွေ မရှိတော့ဘဲ ဆိုးရွားတဲ့ အခြေအနေမှာ ကျရောက်နေပြီး ဒေသတွေရဲ့ ပထဝီဝင် အခြေအနေ၊ စီးပွားရေး အလားအလာနဲ့ လူနေမှု အခြေအနေတွေအရ ဒေသတွေအကြား ပြင်းထန်တဲ့ မညီမျှမှုတွေနဲ့ ကွာဟချက် ကြီးကြီးမားမားရှိနေတယ်” လို့ ကင်မ်က ပြောပါတယ်။
အခြေအနေတွေ အဆင်ပြေလာတဲ့အထိ ထိုင်စောင့်မနေသင့်ဘဲ ပြည်သူတွေအတွက် တာဝန်ကို သစ္စာစောင့်သိပြီးတော့ မူဝါဒအသစ်တွေ ချမှတ်ကာ အလုပ်အကိုင်တွေ ပိုမိုရှာဖွေဖို့လည်း သူကဆိုပါတယ်။
နိုင်ငံတဝန်းရှိ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ဖို့အတွက် အပြောင်းအလဲကို မြန်မြန်ဆန်ဆန် ဆောင်ကြဉ်းပေးဖို့နဲ့ နိုင်ငံရဲ့ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒသစ်မှတဆင့် မြို့ပြနဲ့ ကျေးလက်ဒေသတွေအကြား ကွာဟချက် မရှိစေဖို့လည်း မြောက်ကိုရီးယားခေါင်းဆောင်က သူ့ပါတီကို တိုက်တွန်းခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း အငတ်ဘေး အပါအဝင် မကြာသေးခင် ဆယ်စုနှစ်တွေအတွင်း ဆိုးရွားတဲ့ အစာရေစာပြတ်လပ်မှုကို ခံစားခဲ့ရပြီး စပါးရိတ်သိမ်းတာကို ထိခိုက်ရတဲ့ ရေကြီးတာလိုမျိုး သဘာဝဘေး အန္တရာယ်တွေကြောင့်လည်း ပိုပြီး ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ရဖူးပါတယ်။
Source/Photo-Reuters