စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အင်ကြင်းတောင် ပျူစောထီးစခန်းက အဖွဲ့ဝင် ၁ ဦး ဇန်နဝါရီ ၂၄ ရက်က ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်မဲ့ အလင်းဝင်လာခဲ့တယ်လို့ ကျောင်းသား တော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ တပ်မှူးက “အလင်းဝင်တဲ့နေရာမှာ အခုလိုမျိုး အသိတရားဝင်ပြီး အလင်းဝင်လာတာတော့ ခုမှ ပထမဦးဆုံးပါ။ အင်ကြင်းတောင်စခန်းကနေ စစ်သား ၄ ဦး သုံ့ပန်းဖမ်းဆီးရမိတာမှာ တဦးက ထွက်ပြေးလို့ တခြားတရားစီရင်ရေးနဲ့ အပြစ်ပေးထားပြီး ကျန်သုံးယောက်ကိုတော့ ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးပြီး အင်ကြင်းတောင်ရွာမှာ လက်နက်မဲ့ နေခွင့်ပေးထားတယ်။ ဒါကိုလည်း ကျနော်တို့က အလင်းဝင်တယ်လို့ သတ်မှတ်ထားပါတယ်” လို့ ပြောပါတယ်။
မင်းကင်းမြို့နယ် အင်ကြင်းတောင်စခန်းက ပျူစောထီးတဦးဖြစ်သူ ကိုဇင်ကို လက်နက်မဲ့ အလင်းဝင်လာတာဖြစ်ပြီး လုံခြုံရေးကျပ်တည်းလာတာကြောင့် အလင်းဝင်ဖို့ အချိန်တလနီးပါး ကြာခဲ့တယ်လို့ သိရပါတယ်။
“လောလောဆယ်တော့ သူ့ကို လုံခြုံရေးအရ ဂရုစိုက်ထားတယ်။ ဖုန်းတွေတော့ သိမ်းထားပါတယ်။ လွတ်လပ်မှု အပြည့်ပေးထားတယ်။ လောလောဆယ်တော့ ကျနော်တို့ကြည့်ရှုမှုအောက်မှာ ရှိနေပါတယ်။”
တခြား အလင်းဝင်လိုတဲ့ စစ်သားတွေကိုလည်း ပါလာမယ့်လက်နက်အပေါ် မူတည်ပြီး ဆုကြေးငွေထုတ်ပေးဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။