Home
မြန်မာသတင်း
ဖားကန့် စစ်ရှောင်များ စားဝတ်နေရေး ခက်ခဲ 
DVB
·
January 26, 2024
phar 2612024

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာနဲ့ အနီးနားကျေးရွာက စစ်ရှောင်တွေဟာ နေရပ် မပြန်နိုင်သေးသလို စားဝတ်နေရေးအတွက် အလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုတွေကိုသာ မှီခို နေရတယ်လို့ ကူညီပေးနေသူ တဦးက ပြောပါတယ်။

စစ်ရှောင်တွေဟာ မှော်ရှန်ကျောင်းမှာ လူ ၅၀၀၊ စိန်မြသုခဘုန်းကြီးကျောင်းမှာ ၇၀၀နဲ့ သီရိမင်္ဂလာတောင်ပေါ်ကျောင်းမှာ ၂၆၀ လောက်ရှိတယ်လို့ သိရပါတယ်။

အကူအညီပေးနေသူက “ စားဝတ်နေရေးကိုတော့ အလှူရှင်တွေက လှူတယ်။ ကျနော်တို့ သခါအဖွဲ့အစည်းကနေ မနက်ကျရင်တော့ စျေးထဲမှာ ဟင်းသီးဟင်းရွက်တွေ အလှူခံ ထွက်တာပေါ့။ ၁ ရက်ကို ဆန် ၄ အိတ် ကုန်တယ်။ ဟင်းဖိုးချည်းပဲ ၁၅ သိန်းလောက် ကုန်တယ်။ ဆန်၊ ဆီ၊ ဆားတွေကတော့ ရှိပြီးသား သူများ လှူထားတာပေါ့။ တကျောင်းကိုပေါ့။ အဲဒီလိုပဲ ရပ်တည်နေကြတာ။”လို့ ပြောပါတယ်။

ဇန်နဝါရီ ၆ ရက်မှာ ဝှေခါရဲစခန်းနဲ့ တပ်စခန်း ၂ ခုကို KIAနဲ့ KPDF ပူးပေါင်းတပ်တွေ  သိမ်းပိုက်ပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာအပြင် လေယာဥ်နဲ့ပါ ဗုံးကြဲ တာကြောင့် ဝှေခါကျေးရွာနဲ့ အနီးအနားက ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် လာခဲ့ ကြတာပါ။

လက်ရှိ မှော်ရှန်ရောက်နေတဲ့ ဝှေခါစစ်ရှောင် ၅၀၀ ကျော်ဟာ ဇန်နဝါရီ ၆ ရက်ကတည်းက ဝှေခါတိုက်ပွဲကြောင့် တိမ်းရှောင်လာကြတာဖြစ်ပြီး ကျန်တဲ့ ဆိုင်းအောင်ရွာက ၁၀၀ နီးပါးကတော့ ၂၀ ရက်ကမှ တိမ်းရှောင်လာတာ ဖြစ်ပါတယ်။

အကူအညီပေးသူက “အခက်အခဲတွေကတော့ အများကြီးပဲ။ သူတို့ဆို ဘာမှ မပါလာဘူး။ ကျန်းမာရေး၊ နောက် အစားအသောက်။ ဒီနေ့ဆိုရင် စစ်ရှောင်စခန်းမှာပဲ ကလေးမွေးတာ ၃ ယောက် ရှိသွားပြီ။ အခုလောလောဆယ်တော့ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ ဘုရားကျောင်း တွေမှာ ရှိကြတယ်။ လောလောဆယ် ဝှေခါကို ပြန်လို့တော့ မရသေးဘူး။”

ဇန်နဝါရီ ၂၀ ရက် မနက်အစောပိုင်းမှာတော့ ဝှေခါဗျူဟာကုန်းကို  KIA၊KPDF ပူးပေါင်းတပ်က သိမ်းပိုက်ပြီး ရွာကို ထိန်းချုပ်ထားပေမဲ့ အခြေအနေမတည်ငြိမ်သေးတာကြောင့် ရွာပြန်မရ သေးဘူးလို့ ဒေသခံ တဦးက ပြောပါတယ်။

“သက်ဆိုင်ရာတွေက ပြန်ပါဆိုမှ ပြန်လို့ ရမယ်။ သူတို့ မပြန်ခိုင်းရင်တော့ ပြန်လို့တော့ မရဘူး။ စိတ်မချရသေးဘူး။ သူတို့ဘက်က ပြန်ခေါ်ပြီဆိုရင်တော့ ကျနော်တို့ အခုပြန်ပြီပဲ။”

ဝှေခါကျေးရွာကနေ ခရစ်ယာန်ဘုရားကျောင်းတွေမှာ တိမ်းရှောင်နေတဲ့ စစ်ရှောင် လူဦးရေ ၂၀၀၀ နီးပါး ရှိတယ်လို့လည်း ဒေသခံတွေက သိရပါတယ်။

ဇန်နဝါလဆန်းပိုင်းကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာဖြစ်ပြီး အခုရက်ပိုင်း ဖားကန့်မြို့မှာလည်း စစ်တပ်နဲ့ တိုက်ပွဲ ပြင်းထန်နေပါတယ်။ 

ဟန်န

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024