ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုအေ)တို့ အကြား ဒီဇင်ဘာ ၂၉ ရက်ကနေ ဇန်နဝါရီ ၂၅ ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလအတွင်း အရပ်သား ၁၈ ယောက်သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေအတွင်း လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် တာတွေကြောင့် ထိခိုက်သေဆုံးခဲ့တာဖြစ်ပြီး၊ တောထဲမှာ ထွက်ပြေးတိမ်းရှောင်ရင်း အစာရေစာပြတ်လပ်ပြီး သေဆုံးသွားသူတွေလည်း ရှိတယ်လို့ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေကြောင့် ဘာသာရေးအဆောက်အဦနဲ့ နေအိမ်တွေ အများအပြားလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် ဒေသခံတွေ နီးစပ်ရာနေရာကို စစ်ရှောင်နေချိန်အတွင်း နေအိမ်တွေ ဖောက်ထွင်းခံရတာ၊ ဆန်၊ စပါးနဲ့ပစ္စည်းတွေ ခိုးယူသွားခံရတာတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နမ့်ဖတ်ကာကျေးရွာမှာ ဒေသခံ ၂၅ ယောက် သေဆုံးပြီး ၂၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
နမ့်ဖတ်ကာရွာ အခြေစိုက် စစ်ကောင်စီ ခလရ - ၁၂၃ တပ်ရင်းနဲ့ တပ်စခန်းအားလုံးကိုတော့ ဇန်နဝါရီ ၂၄ ရက် ညနေ ၆ နာရီလောက်မှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။