Home
မြန်မာသတင်း
ရန်ကုန်တိုင်း၊  မြို့နယ်အချို့တွင် ရပ်ကွက်နေပြည်သူများကို စစ်ကောင်စီက ညကင်းစောင့်ခိုင်း
DVB
·
January 26, 2024
KIn 2612024

ရန်ကုန်တိုင်း၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ တအိမ်ကို တယောက် ညကင်းစောင့်ဖို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက လိုက်လံအသိပေးနှိုးဆော် နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလကုန် ဖေဖော်ဝါရီလကစပြီး ရပ်ကွက်အလိုက် တအိမ်ကို တယောက် ညကင်းစောင့်ဖို့ ဇန်နဝါရီ ၂၄ ရက်က  ရပ်ကွက်အုပ်ချုပ်ရေးက လိုက်လံအသိပေးနေတာ ဖြစ်ပါတယ်။

ရွှေပြည်သာမြို့နယ် ၁၉/၄၇ ရပ်ကွက်မှာ နေထိုင်သူတဦးက “လကုန်ရင် ရပ်ကွက်ထဲက အိမ်တိုင်း တအိမ်တယောက် ကင်းစောင့်ရမယ်။ မစောင့်နိုင်တဲ့အိမ်က တနေ့ သုံးထောင်ပေးရမယ် ပြောသွားတယ်”လို့ ပြောပါတယ်။

ရွှေပြည်သာမြို့နယ်မှာ အရင်က ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတွေကိုသာ ညကင်းစောင့်ခိုင်းပေမဲ့ ဇန်နဝါရီလကုန်က စပြီး ရပ်ကွက်နေပြည်သူတွေကိုပါ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ကင်းစောင့်ဖို့ လိုက်လံ ကြေညာနေတာလို့  သိရပါတယ်။

အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်တိုင်း ကင်းစောင့်တာဝန်ပေးတဲ့နေရာမှာ အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့ အသက်မပြည့်သေးတဲ့ကလေးတွေကအစ ပါဝင်တယ်လို့ သိရပါတယ်။

ရွှေပြည်သာမြို့နယ် ၂၀ ရပ်ကွက်မှာ နေထိုင်သူတဦးက  “တအိမ်ကို တယောက်နှုန်းနဲ့ ငါးအိမ်တဖွဲ့ ကင်းစောင့်ခိုင်းတာ၊ မိန်းကလေးဖြစ်ဖြစ် သက်ကြီးရွယ်အို ဖြစ်ဖြစ် အားတဲ့သူ တယောက် လာစောင့်ရမယ်ပြောတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် လှိုင်သာယာမြို့နယ်မှာလည်း အုပ်ချုပ်ရေးမှူးတွေက ကင်းတဲတွေဆောက်လုပ်ဖို့ ရပ်ကွက်တွေထဲမှာ လိုက်လံအလှူခံနေပြီး မိမိတို့နေအိမ်မှာ ကင်းစောင့်ဖို့ လူမရှိရင် အချိန်မီ ပြင်ဆင်ထားဖို့ သတိပေးထားတယ်လို့ သိရပါတယ်။

လှိုင်သာယာမြို့နယ်မှာနေထိုင်တဲ့ အမျိုးသားတဦးက “ကျနော်တို့ဆီမှာတော့ ကင်းတဲ ဆောက်ဖို့ တအိမ် ငါးထောင် လာကောက်သွားတယ်။ ကင်းစောင့်မယ့်လူမရှိရင် ငှားထားဖို့လည်း ပြောသွားတယ်” လို့ ပြောပါတယ်။

အခုလို စစ်ကောင်စီက လက်အောက်ခံအုပ်ချုပ်ရေးမှူးတွေကတဆင့် ညကင်းစောင့်ဖို့ အတင်းအကျပ် ဖိအားပေးလာနိုင်တာကြောင့် တခြားမြို့နယ်တွေက ပြည်သူတွေကလည်း စိုးရိမ်နေကြပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးစ ကာလတုန်းကတော့ ရပ်ကွက်လုံခြုံရေးအတွက် ကင်းစောင့်နေသူတွေကို စစ်တပ်က ညမထွက်ရအမိန့်ကို ကျူးလွန်တယ်ဆိုပြီး ပစ်ခတ် ဖမ်းဆီးတာနဲ့ ထောင်ဒဏ်ချမှတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024