မြန်မာနိုင်ငံရဲ့ အရှေ့မြောက် ကုန်သွယ်ရာ လမ်းမပေါ်မှာရှိတဲ့ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာ အခြေစိုက် စစ်ကောင်စီ ခလရ - ၁၂၃ စခန်းအားလုံးကို ဇန်နဝါရီ ၂၄ ရက်နေ့ည ၆ နာရီဝန်းကျင်လောက်မှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
"အရင်ရက်တွေက သိမ်းလိုက်တာက အပြင်ဘက်က ပို့စ်အငယ်တွေပဲလေ။ မနေ့ည ၆ နာရီမှာက အားလုံး အပြီးသတ် အကုန်သိမ်းလိုက်ပြီ။ KIA ဘက်က တပ်စခန်းအတွင်း ရှင်းလင်းရေးတွေ အကုန်လုပ်ပြီးပြီ။ လက်နက်တွေ အများကြီး။ ကျနော်တို့အတွက်တော့ သမိုင်းဝင် ဖြစ်သွားပြီ" လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"လက်နက်ကြီးတွေ ၁၂ ဘီး ၁၀ စီးနဲ့ သယ်တာတောင် မကုန်နိုင်ဘူး။ အဲဒါ လက်နက်သေး မပါသေးဘူး။ လက်နက်ကြီးတွေကို ကရိန်းနဲ့ သယ်ထုတ်ပြီး တင်ရတယ်။ ... လေယာဉ်ကျတာလည်း နမ့်ဖတ်ကာ သိမ်းနိုင်မှ ကောင်းကောင်း မျက်စိနဲ့တပ်အပ် တွေ့ရတော့တယ်" လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရှေ့တန်း သတင်းရင်းမြစ်တဦးက ပြောပါတယ်။
နမ့်ဖတ်ကာ ခလရ - ၁၂၃ စစ်ကောင်စီ စခန်းဟာ ဗိုလ်မှူးချုပ် လင်းအောင်မိုး (စတသ-၃၉) ကွပ်ကဲ အုပ်ချုပ်တဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၇ ဖယ်ခုံ) လက်အောက်ခံ တပ်မ အထိုင် တပ်ရင်းစခန်းဖြစ်ပြီး ဧက ၉၀ ခန့် ကျယ်ဝန်းကာ ခလရ - ၄၅ ရှေ့တန်းစခန်း နဲ့ ခလရ - ၁၂၃ တပ်ရင်းစခန်းကြီးကို အကာအကွယ်ပေးတဲ့ စခန်းငယ်တွေ အပါအဝင် စုစုပေါင်း တပ်စခန်း ၇ ခု နဲ့ ရဟတ်ယာဉ်ကွင်း ၂ ခု ရှိတယ်လို့ ဆိုပါတယ်။
နမ့်ဖတ်ကာ ရဲစခန်းနဲ့ ခလရ - ၁၂၃ အထိုင်စခန်းကြီးကို အကာအကွယ်ပေးတဲ့ စခန်းငယ်အချို့ကိုတော့ ဒီဇင်ဘာ ၂၉ ရက်နေ့နဲ့ ဇန်နဝါရီ ၁၄ ရက်နေ့တွေမှာ သိမ်းပိုက်ခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ ၂ ယောက်စီး တိုက်လေယာဉ် FTC-2000G ကိုလည်း ပစ်ချနိုင်ခဲ့ကာ လေယာဉ်မှူး ဗိုလ်မှူး အေးမြင့်နဲ့ ဗိုလ်ကြီး ကောင်းစံ သေဆုံးခဲ့ပါသေးတယ်။