အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက် အုတ်ရေတွင်းလမ်းမပေါ်မှာ ဒီနေ့ည ခြောက်နာရီကျော်က ရာအိမ်မှူးတဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
"သေနတ်သံတွေ သုံးချက်လောက်ကြားတယ်၊ နာရီဝက်လောက်ကြာတော့ အုတ်တွင်းလမ်းက ရာအိမ်မှူး တွတ်ပီ ပစ်ခံရတယ်ဆိုတာသိတာ၊ ပစ်ခံရတဲ့နေရာမှာတင် သေတယ်။"
ပစ်ခတ်ခံရသူမှာ တောင်သူကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှူး စောလယ်ထူး(ခ)တွတ်ပီဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ရာနေရာမှာ သေဆုံးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ပစ်ခတ်မှုဖြစ်တဲ့ နေရာကို အုပ်ချုပ်ရေးက အရင်ရောက်ပြီးမှ စစ်တပ်ရော၊ ရဲရော ရောက်လာတာ။ Dead Body ကို စစ်ဆေးမယ်ဆိုပြီး စစ်တပ်က ခုတင် ၁၀၀၀ ကို သယ်သွားတယ်။"
လတ်တလောမှာ တောင်သူကုန်းရပ်ကွက်အတွင်း စစ်ကောင်စီတပ်နဲ့ရဲတွေက စစ်ဆေးနေတယ်လို့ အဆိုပါရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက် ညခြောက်နာရီကျော်ကလည်း လှိုင်မြို့နယ် ၁၃ ရပ်ကွက် ပန်းခြံကျောင်းလမ်းမှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရာအိမ်မှူးသေဆုံးကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူပင် ရန်ကုန်တိုင်းမှာ ဇန်နဝါရီလအတွင်း တောင်ဒဂုံ၊ မြောက်ဒဂုံနဲ့ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၊ လှိုင်သာယာမြို့နယ်တို့မှာ ဗုံးပေါက်ကွဲမှုများဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။