အာဂျင်တီးနားသမ္မတသစ် ဟာဗီးယားမီလေးရဲ့ ပြင်းထန်တဲ့ စီးပွားရေးခြိုးခြံချွေတာမှု အစီအစဉ်တွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင်တဲ့ နိုင်ငံရဲ့ အကြီးဆုံးအလုပ်သမားသမဂ္ဂ ဦးဆောင်မှုနဲ့ သောင်းနဲ့ချီတဲ့ အလုပ်သမားတွေဟာ ဇန်နဝါရီ ၂၄ ရက်မှာ ၁၂ နာရီကြာ သပိတ်တိုက်ပွဲ စတင်ခဲ့ပါတယ်။
ပို့ဆောင်ရေးလုပ်ငန်းတွေကနေ ဘဏ်လုပ်ငန်းအထိ သက်ရောက်မှုရှိခဲ့တဲ့ အခုသပိတ်ဟာ ပြီးခဲ့တဲ့လက သမ္မတသစ် တာဝန်ယူပြီးနောက်ပိုင်း အကြီးကျယ်ဆုံး ဆန့်ကျင်မှုဖြစ်ပါတယ်။
ငွေကြေးဖောင်းပွမှု ၂၁၁ ရာခိုင်နှုန်းနဲ့ အစိုးရကြွေးမြီ ကြောက်ခမန်းလိလိ မြင့်မားနေတာကို ဖြေရှင်းဖို့ အစိုးရအသုံးစရိတ်လျှော့ချရေး၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အစီအစဉ်တွေကို မီလေးက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စီးပွားရေးနယ်ပယ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လျှော့ပေါ့ပယ်ဖျက်တဲ့ အမိန့်ဒီဂရီနဲ့ လွှတ်တော်မှာ ဆွေးနွေးနေဆဲ ဘက်စုံဥပဒေကြမ်းတို့မှာ ပါရှိတဲ့ အချက်တွေကို မကျေနပ်တဲ့အတွက် အထွေထွေအလုပ်သမားအသင်းချုပ်ကြီး (CTC) က ဦးဆောင်ပြီး သပိတ်မှောက်တာ ဖြစ်ပါတယ်။
“ပထမဆုံး အစိုးရက လျှော့ချဖြတ်တောက်တာ အလုပ်သမားတွေအပေါ်မှာပါ။ သူတို့ရဲ့ အလုပ်သမား ပြုပြင်ပြောင်းလဲရေး ဆိုတာကလည်း အလုပ်သမားအခွင့်အရေးတွေကို ဖယ်ရှားလိုက်တာပါပဲ” လို့ သမဂ္ဂခေါင်းဆောင် ပက်ဘလိုမိုယာနိုက အလုပ်သမားထုကို မိန့်ခွန်းပြောပါတယ်။
မွန်းတည့်ချိန်ကစပြီး အလုပ်သမားအများအပြား သပိတ်မှောက်တာကြောင့် ပို့ဆောင်ရေး၊ ဘဏ်လုပ်ငန်း၊ ဆေးရုံနဲ့ ပြည်သူ့ဝန်ဆောင်မှု အများအပြား ရပ်ဆိုင်းသွားခဲ့ပေမဲ့ မီလေးအစိုးရကတော့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ သပိတ်ကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ် ရာနဲ့ချီပြီး ရပ်ဆိုင်းခဲ့ရပါတယ်။
Source/Photo-Reuters