ဂါဇာကမ်းမြောင်ဒေသရှိ ခန်ယိုးနစ်စ်မြို့မှာ စစ်ပြေးရှောင်သူတွေ ခိုလှုံနေတဲ့ ကုလသမဂ္ဂ လေ့ကျင့်ရေးစင်တာကို အစ္စရေးက ဇန်နဝါရီ ၂၄ ရက်မှာ တိုက်ခိုက်ခဲ့တဲ့အပေါ် အမေရိကန်က စိုးရိမ်ကြောင်း နိုင်ငံခြားရေးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီးဒန့် ပတေးလ်က ပြောပါတယ်။
အရပ်သားတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်သားတွေနဲ့ အကူအညီပေးရေး အဆောက်အအုံတွေကို အကာအကွယ်ပေးဖို့လည်း ဝါရှင်တန်က ထပ်တလဲလဲ တောင်းဆိုခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ ခန်ယိုးနစ်စ် လေ့ကျင့်ရေးစင်တာကို ဒီနေ့တိုက်ခိုက်မှုကို ရှုတ်ချကြောင်းနဲ့ ဖော်မပြနိုင်လောက်အောင် စိုးရိမ်ပူပန်ကြောင်း ပတေးလ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
လုပ်ဆောင်ခဲ့ပြီးသား အဆင့်တွေက မလုံလောက်သေးကြောင်းနဲ့ ဂါဇာကမ်းမြောင်ကို အကူအညီတွေ၊ အစားအစာတွေ၊ နောက်ထပ် အသက်ကယ် ထောက်ပံ့ရေးပစ္စည်းတွေ ဝင်ခွင့်ရတာကို ပိုပြီးမြင်တွေ့လိုကြောင်းလည်း သူကဆိုပါတယ်။
ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ လူပေါင်း ၈၀၀ လောက် ခိုလှုံနေတဲ့ အဆောက်အအုံကို တင့်ကားကျည် ၂ ချက် ထိမှန်ခဲ့ပြီး ပါလက်စတိုင်း ၉ ဦး သေဆုံးကာ ၇၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာရှိ ပါလက်စတိုင်း ဒုက္ခသည်များအတွက် ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ လုပ်ငန်းအေဂျင်စီ (UNRWA) ရေးရာ ညွှန်ကြားရေးမှူးက ပြောကြားခဲ့ပါတယ်။
Source/Photo-REUTERS/Fadi Shana