Home
နိုင်ငံတကာ
ပြင်သစ်တွင် လယ်သမားများက ကုန်ဈေးနှုန်းကျဆင်းရေး လမ်းပိတ်ဆို့ ဆန္ဒပြ
DVB
·
January 25, 2024
Nationwide farmer protests continue in France

ပြင်သစ်နိုင်ငံတဝန်းက လယ်သမားတွေဟာ ဇန်နဝါရီ ၂၄ ရက်မှာ လမ်းပိတ်ဆို့ ဆန္ဒပြနေကြပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ လျှော့ချပေးဖို့၊ ကုန်ဈေးနှုန်း ကျဆင်းရေး အစီအစဉ်တွေ ဖြေလျှော့ပေးဖို့ တောင်းဆိုနေကြပါတယ်။

လယ်သမားအများစုဟာ ဘဏ္ဍာရေးအရ ရုန်းကန်နေရပြီး စားသောက်ကုန်ရောင်းချတဲ့ ဆိုင်တွေက ငွေကြေးဖောင်းပွတဲ့ ကာလတခုအပြီးမှာ ဈေးတွေပြန်ချဖို့ ဖိအားပေးနေတဲ့အတွက် အကျပ်အတည်း တွေ့နေကြတယ်လို့ ဆိုပါတယ်။

“စည်းမျဉ်းစည်းကမ်းတွေက များလွန်းပါတယ်။ အိမ်နီးချင်းနိုင်ငံတွေလိုပဲ စိုက်ပျိုး၊ ထုတ်လုပ်လို့ ရချင်ပါတယ်” လို့ ပြင်သစ် အနောက်တောင်ပိုင်းက လူငယ်လယ်သမားသမဂ္ဂ ခေါင်းဆောင် သောမတ်စ်ဘွန်းနက်က ပြောပါတယ်။

ဥရောပသမဂ္ဂမှာ အကြီးဆုံး စိုက်ပျိုးမွေးမြူသူဖြစ်တဲ့ ပြင်သစ်နိုင်ငံမှာ ကိုယ်ပိုင် ဝိုင်၊ အသားနဲ့ နို့ထွက်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်း ထောင်ချီရှိတဲ့အတွက် စိုက်ပျိုးရေးမူဝါဒဟာ ထိလွယ်ရှလွယ်ကိစ္စ ဖြစ်ပါတယ်။

ဂျာမနီ၊ ပိုလန်၊ ရိုမေးနီးယားတို့မှာ လယ်သမားတွေ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ပြင်သစ်မှာလည်း လယ်သမားဆန္ဒပြပွဲတွေ အားကောင်းလာတာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပေါ်လစီတွေဟာ လယ်သမားတွေအတွက် အလုပ်ပိုစေသလို ကုန်ကျစရိတ် တက်လာတဲ့အတွက် ပြည်ပကသွင်းတဲ့ ပစ္စည်းတွေကို မယှဉ်နိုင် ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာလည်း ပြင်သစ်လယ်သမား တချို့ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

လာမယ့် ဇွန်လထဲမှာ ဥရောပပါလီမန်လွှတ်တော် ရွေးကောက်ပွဲတွေ ရှိတဲ့အတွက် လယ်သမားအရေးဟာ နိုင်ငံရေးအပေါ်မှာ သက်ရောက်မှု ကြီးကြီးမားမား ရှိနေပါတယ်။

စစ်ဖြစ်နေတဲ့ ယူကရိန်းကို ပို့ကုန်အထူးအခွင့်အရေးတွေ ပေးထားတဲ့အတွက် အိမ်နီးချင်း ပိုလန်က လယ်သမားတွေကလည်း မမျှမတ ယှဉ်ပြိုင်နေရတယ်ဆိုပြီး ဆန္ဒပြနေကြပါတယ်။

Source/Photo-REUTERS/Stephane Mahe

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024