မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ မီတာခမဆောင်ဘဲနေတဲ့ အိမ်တချို့ကို မီးကြိုးဖြတ်ပြီး ရုံးကို ဒဏ်ကြေး လာဆောင်ခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၂၀ ရက်ကစပြီး မီတာခမဆောင်တဲ့ အိမ်တွေကို မီးကြိုးဖြတ်တာဖြစ်ပြီး ရုံးကို ဒဏ်ကြေးလာဆောင်မှ ပြန်တတ်ပေးမယ်လို့ ဆိုပါတယ်။
ဇေယျာမွန်ရပ်ကွက်မှာ နေထိုင်သူတဦးက “မီတာပုံး မဖြုတ်ဘူး။ မီးကြိုး ဖြတ်သွားတာ။ ကျန်တဲ့ ပိုက်ဆံ ၁ သိန်းကျော် တခါတည်း ပေးလိုက်မယ်။ မဖြတ်နဲ့ပြောတာကို ရုံးမှာ ဒဏ်ကြေး ၃ သိန်း လာဆောင်ခိုင်းတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာလအပါ ၃ လစာ ဆောင်ရမယ့် မီတာခ ကောက်ခံတဲ့ စာရွက်ကို ရုံးက လာပေးထားတာဖြစ်ပြီး မီတာယူနစ်ကို လာမစစ်ဘဲ ကျသင့်ငွေကို ခန့်မှန်းထည့်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။
သမလပိုင်းမှာနေထိုင်တဲ့ ဒေသခံတဦးက “လမ်းထဲက တအိမ်ကို တနင်္ဂနွေနေ့မနက်က လာဖြတ်သွားတယ်။ လမ်းထဲမှာတော့ တအိမ်ပဲ။ လူမိုက်ရုပ်နဲ့တယောက် ဖြူဖြူပုပုနဲ့တယောက်။ ၄ သိန်းကျလို့ တဝက်ချန်ပေးဆိုတာတောင် မရဘူးကြားတာပဲ” လို့ ပြောပါတယ်။
မီးကြိုး အဖြတ်မခံချင်တဲ့အိမ်တွေက ချက်ချင်း ကျန်တဲ့မီတာခ ပေးလိုက်မယ်ဆိုတာ လက်မခံဘဲ ရုံးမှာ ဒဏ်ကြေးသွားဆောင်ပြီးမှ မီးကြိုးပြန်တတ်ပေးတာလို့ သိရပါတယ်။
မြို့နယ်လျှပ်စစ်မီတာကောက်ခံရေးရုံးကို ဒီဗွီဘီက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က မြို့နယ်လျှပ်စစ်မီတာရုံး ဗုံးပေါက်ကွဲခဲ့ပြီး ဝန်ထမ်း ၄ ဦး ဒဏ်ရာ ရခဲ့ပါတယ်။