ယူကရိန်းနယ်စပ်အနီး ပျက်ကျသွားတဲ့ ရုရှားစစ်ဘက် သယ်ယူပို့ဆောင်ရေးလေယာဉ် အီလ်ယူရှင်-၇၆ ဟာ အကျဉ်းသားအလဲအလှယ်လုပ်မယ့် ယူကရိန်းစစ်သုံ့ပန်းတွေကို သယ်ဆောင်လာတာဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး နိုင်ငံပိုင် သတင်းအေဂျင်စီ RIA က ထုတ်ပြန်ပါတယ်။
ရုရှားကတော့ ရုရှားလေယာဉ်အမှုထမ်း ၆ ဦးနဲ့ ရုရှားစစ်သား ၃ ဦးတို့ လိုက်ပါလာပြီး ယူကရိန်းစစ်သုံ့ပန်း ၆၅ ဦးကို တင်ဆောင်လာတဲ့ ရုရှား စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်ကို ဇန်နဝါရီ ၂၄ ရက်မှာ ယူကရိန်းက တမင်သက်သက် ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲလိုက်ပြီး လူပေါင်း ၇၄ ဦး သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုလို့ ခေါ်ဆိုပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီဂေါ ကိုနာရှန်ကို့ဗ်က“မနက် ၁၁ နာရီ ၁၅ မိနစ်မှာ ကိယက်ဗ်အစိုးရက အကြမ်းဖက်လုပ်ရပ်တခု ကျူးလွန်ခဲ့တာကြောင့် ယူကရိန်းစစ်သည်တွေနဲ့ အကျဉ်းသားလဲလှယ်ဖို့ ချကာလော့ဗ်စကီး လေယာဉ်ကွင်းကနေ ဘဲလ်ဂိုရော့ဒ်ကို ပျံသန်းခဲ့တဲ့ ရုရှားစစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ် ပျက်ကျခဲ့ပါတယ်” လို့ ပြောပါတယ်။
လေယာဉ်ကို ခါကိဗ်ဒေသမှာရှိတဲ့ လစ်ပ်စီရွာက ယူကရိန်းစစ်တပ်က တိုက်ချင်းပစ် ဒုံးကျည်စနစ်သုံးပြီး ပစ်ချခဲ့တာဖြစ်ကြောင်းနဲ့ ရုရှားအာကာသတပ်ဖွဲ့ရဲ့ ရေဒါစခန်းတွေကနေ ယူကရိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်တာကို တွေ့ရှိခဲ့ကြောင်းလည်း သူကဆိုပါတယ်။
ဘဲလ်ဂိုရော့ဒ်ဒေသရဲ့ အရှေ့မြောက်ဘက် ကိုရိုချန်စကီခရိုင်မှာ လေယာဉ်ဆင်းသက်ခဲ့ပြီး လေယာဉ်ပေါ်ပါ လူ ၇၄ ဦးစလုံး သေဆုံးကြောင်း ဘဲလ်ဂိုရော့ဒ်ဒေသ အုပ်ချုပ်ရေးမှူး ဗိုင်ယာချက်စ်လဗ် ဂလဒ်ကို့ဗ်က ပြောပါတယ်။
ယူကရိန်းသမ္မတအကြံပေး မိုက်ခေးလို ပိုဒိုလ်ယက်ခ်က “မှတ်ချက်ပေးဖို့ အချိန်အနည်းငယ် ကြာလိမ့်မှာဖြစ်ပြီး အချက်အလက်အားလုံးကို ရှင်းလင်းဖို့ အချိန်လိုအပ်ပါတယ်” လို့ ပြောပါတယ်။
ယူကရိန်းနိုင်ငံမှ GUR စစ်ဘက်ထောက်လှမ်းရေး ပြောရေးဆိုခွင့်ရှိသူ အန်ဒရီ ယူဆော့ဗ်က အကျဉ်းသားလဲလှယ်ရေး အစီအစဉ်ကို ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း ရေဒီယို ဆဗိုဘိုဒါ သတင်းဌာနကို ပြောကြားခဲ့ပြီး “လောလောဆယ်မှာ ဖြစ်မလာသေးပါဘူး” လို့လည်း ဆိုပါတယ်။
ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ရိုက်တာရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း အကြောင်းမပြန်ခဲ့ပါဘူး။
အင်တာဖက်စ်-ယူကရိန်း သတင်းဌာနက လောလောဆယ် ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေ မရှိသေးပေမဲ့ မျှဝေပေးမယ်လို့ ပြောပါတယ်။
Source/Photo - Reuters